အခြေခံသဘောသဘာဝ
လုပ်ငန်းတစ်ခုပြီးမြောက်ရန် အတတ်ပညာလိုအပ်ပါသည်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အတတ်ပညာ သည်လည်း ကွဲပြားပါသည်။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ပြီးမြောက်ရန် စိုက်ပျိုးရေးအတတ်ပညာ လိုအပ်သကဲ့သို့ ကွန်ပျူတာဖြင့်လုပ်ရသည့်လုပ်ငန်းတစ်ခုပြီးမြောက်ရန် ကွန်ပျူတာ အတတ်ပညာလို အပ်ပါသည်။ လုပ်ငန်းတစ်ခု အတွက် အတတ်ပညာလိုအပ်သည့်အလျောက် ယင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် အတတ်ပညာ တတ်မြောက်မှ သာလုပ်ငန်းတစ်ခု အောင်မြင်နိုင်ပါသည်။ လုပ်ငန်းတစ်ခုအတွက် အတတ်ပညာသုံးရပ် လိုက်လျောညီထွေစွာ တတ်မြောက်ထားမှသာလျှင် ယင်းလုပ်ငန်းအောင်မြင်နိုင်သည်ကို အတွေ့အကြုံများက ဖော်ပြနေ၍ မိမိအယူ အဆဖြင့် တင်ပြပါသည်။
၁။ ပညာရပ်ဆိုင်ရာ အတတ်ပညာ/ဗဟုသုတ - Technical Skills/Knowledge
မိမိမည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ ယင်းလုပ်ငန်း၏ ပညာရပ်ဆိုင်ရာ အတတ်ပညာ/ဗဟုသုတ မဖြစ် မနေ တတ်ကျွမ်းရန်လိုအပ်ပါသည်။ ရွှေရင်အေး ရောင်းချသူသည် ရွှေရင်းအေးတွင် ပါဝင်သည့် အမယ်များအား လုံးကို လုပ်တတ်ရန် လိုအပ်ပါသည်။ ယင်းအမယ်များအားလုံးကို မလုပ်တတ်လျှင် လုပ်ငန်းအောင်မြင်ရန် မလွယ် ပါ။ ထို့နည်းတူစွာ အသက်မွေးဝမ်းကျောင်းပညာရပ်လုပ်ငန်းကို လုပ်ကိုင်သူသည် ယင်းအသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ ပညာရပ်ကို တတ်ကျွမ်းနေရန်လိုအပ်ပါသည်။ ရှေ့နေသည် ဥပဒေကို တတ်ကျွမ်းနေရပါသည်။ ဆရာဝန်သည် ဆေးပညာကို တတ်ကျွမ်းနေရပါသည်။ စာရင်းစစ်သည် စာရင်းအင်းပညာကို တတ်ကျွမ်းနေရပါ သည်။ ပညာရပ်အသီးသီးသည် အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ တန်းမြင့်အဆင့်ဟူ၍ အဆင့်ဆင့်ရှိကြ ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် မိမိ၏လုပ်ငန်း၊ မိမိ၏ တတ်ကျွမ်းမှုအဆင့်ကို သိနားလည်၍ ပိုမိုမြင့်မား သည့် ပညာရပ်ကို လေ့လာရပါသည်။ လုပ်ငန်းအောင်မြင်ရန် ပိုမိုလေ့လာရန်လည်း လိုအပ်ပါသည်။
၂။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတတ်ပညာ/ဗဟုသုတ - Operational Skill/Knowledge
လုပ်ငန်းလည်ပတ်မှုဆိုင်ရာအတတ်ပညာသည် တနည်းအားဖြင့် လုပ်ငန်းအတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာ အတတ် ပညာကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချတတ်သည့် အတတ်ပညာပင်ဖြစ်ပါသည်။ လုပ်ငန်းတစ်ခု လုပ်ကိုင် မည့်သူ၊ လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်မည့်သူ မည်သူမဆိုတတ်ကျွမ်းရန် လိုအပ်သည့် အတတ်ပညာ ပင်ဖြစ်ပါ သည်။ ပညာရပ်ဆိုင်ရာ အတတ်ပညာတတ်ကျွမ်းသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချတတ်မှု မရှိကြ လျှင် လုပ်ငန်းအောင်မြင်ရန် မလွယ်ပေ။ ရှေ့နေအလုပ်ဖြင့် ဥပမာပြရလျှင် တရားစွဲဆိုရေးဖက်တွင် ကျင်လည်မည့် ရှေ့နေသည် သက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်ကို တတ်သိနားလည်မည်ဖြစ်သော်လည်း အမှုလိုက်သည့် ပညာကို မတတ်ကျွမ်းနေလျှင် အမှုလိုက်ရှေ့နေအနေဖြင့် အောင်မြင်ရန် မလွယ်ကူပေ။ အမှုလိုက်ပညာသည် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အတတ်ပညာ ပင်ဖြစ်ပါသည်။ အမှုလိုက်ပညာသည် ရှေ့နေပညာပင်ဖြစ်ပါသည်။ ဥပဒေပညာ တတ်ကျွမ်းခြင်းသည် ပညာရပ်ဆိုင်ရာ တတ်ကျွမ်းခြင်းဟု ခေါ်ဆိုရမည်ဖြစ်ပြီး ထိုသူကို ဥပဒေပညာရှင်သာဟု ခေါ်ဆိုရပါသည်။ ဥပဒေပညာ တတ်ကျွမ်းခြင်းဖြင့် ရှေ့နေပညာတတ်ကျွမ်းသည်ဟု မှတ်ယူ၍ မရနေပါ။ ရှေ့နေ သည် ပညာရပ်ဆိုင်ရာ အတတ်ပညာခေါ် ဥပဒေပညာကို တတ်ကျွမ်းရသည့်အပြင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတတ်ပညာခေါ် အမှုလိုက်ပညာရပ်ကိုလည်း တတ်ကျွမ်းရပါသည်။
၃။ အထွေထွေရေးရာ တတ်သိမှု/ဗဟုသုတ - General Skills/Knowledge
လူတစ်ယောက်သည် လုပ်ငန်းတစ်ခုကိုလုပ်ကိုင်မည်ဖြစ်လျှင် ယင်းလုပ်ငန်းနှင့်ဆက်စပ်သော အထွေထွေရေး ရာများကိုလည်း တတ်သိ နားလည်ရပါသည်။ ရွှေရင်အေး ရောင်းချမည့်သူသည် မိုးရာသီနှင့် ဆောင်းရာသီတွင် များများလုပ်ရောင်းမည် မဟုတ်သကဲ့သို့ နွေရာသီတွင် များများလုပ်၍ လူစည်ကားသည့်နေရာတွင် သွားရောက် ရောင်းချမည်သာဖြစ်ပါသည်။ ယင်းအသိသည် အထွေထွေရေးရာကို တတ်သိမှုဟု ဆိုရပါသည်။ ထို့နည်းတူစွာ ရှေ့နေသည် ဥပဒေပညာ၊ ရှေ့နေပညာ ခေါ် အမှုလိုက်ပညာကို တတ်သိရုံမျှဖြင့် မအောင်မြင်နိုင်သေးပေ။ ဈေးကွက်၊ ငွေကြေး၊ စာရင်းအင်း၊ နည်းပညာ၊ လူမှုရေးရာ၊ လုပ်ငန်းသဘာဝ စသည်ဖြင့် အမှုလိုက်ပညာနှင့် ဆက်စပ်နေသည့်၊ ဆက်စပ်လာနိုင်သည့် အထွေထွေရေးရာများကို တတ်သိနားလည်ထားရပါသည်။
ဟန်ချက်ညီ လေ့လာခြင်းနှင့် တတ်ကျွမ်းခြင်း
လုပ်ငန်းတစ်ခုကို လုပ်ကိုင်မည့်သူတိုင်းသည် ဖော်ပြခဲ့သည့် တတ်ကျွမ်းမှု သုံးရပ်ကို ဟန်ချက်ညီညီ လေ့လာရန် လိုအပ်သကဲ့သို့ ဟန်ချက်ညီ တတ်ကျွမ်းရန် လိုအပ်ပါသည်။ ယင်းသုံးချက်ကို ဟန်ချက်ညီညီ လေ့လာမှု မရှိခြင်း၊ ဟန်ချက်ညီညီ တတ်ကျွမ်းခြင်း မရှိထားလျှင် လုပ်ငန်းအောင်မြင်ရန် အလှမ်းဝေးနေမည်သာဖြစ်ပါသည်။ တက္ကစီ အငှားယာဉ်မောင်းတစ်ယောက်သည် ယာဉ်ကို မောင်းတတ်သည်၊ အသေးစားပြင်ဆင်တတ်သည်၊ ယင်းအတတ် ပညာသည် ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှုဖြစ်သည်။ အငှားယာဉ်မောင်းရာတွင် မည်သည့်လမ်းကြောတွင် မောင်း လျှင် အန္တရာယ်ကင်းပြီး၊ လိုရာခရီးကို အမြန်ရောက်သည်ကို တတ်သိခြင်းသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တတ်ကျွမ်းမှုဖြစ်သည်။ ကျောင်းဆင်း/ကျောင်းတက်ချိန်တွင် ယာဉ်ကြောကြပ်ပြီး၊ မည်သည့်အချိန်တွင် မည်သည့် နေရာတွင် ခရီးသည်များတတ်သည်ကို သိနားလည်ခြင်းသည် အထွေထွေရေးရာ တတ်သိမှုပင်ဖြစ်ပါသည်။ ယင်း သုံးခုကို ဟန်ချက်ညီညီ တတ်သိနေသည့် အငှားယာဉ်မောင်းသည် နေ့တွက်စရိတ် လုံလောက်ပိုလျှံနေ မည်သာ ဖြစ်ပါသည်။ ယင်း တတ်သိမှုသုံးခုကို ဟန်ချက်ညီညီ မတတ်ကျွမ်းနေသူသည် နေ့တွက်စရိတ် ပင်မဆိုဘဲ ဈေးဦး ပေါက်ရန်ပင် ခဲယဉ်းပါသည်။ (မိမိ၏အတွေ့အကြုံဖြစ်ပါသည်။)
အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာသည်များ
စီးပွားရေးလုပ်ငန်းကို တည်ထောင်သူလုပ်ငန်းရှင်သည် အထက်ပါ အတတ်ပညာသုံးရပ်လုံးကို အခြေခံသိရှိ ထားပြီး အဆင့်မြင့်ပညာကို အသုံးချရန်အတွက် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရှင်များကို ငှားရမ်း၍ လုပ်ကိုင်ဆောင်ရွက်စေပါသည်။ ယင်းအခြေအနေတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာသည် သည် တာဝန်ယူလုပ်ကိုင်ရသည်ဖြစ်သောကြောင့် ယင်းပညာသည်၏ တတ်ကျွမ်းမှုသည် အရေးပါလာပါသည်။ ပညာသည်သည် အတတ်ပညာသုံးရပ်ကို အခြေခံအဆင့်ဖြစ်စေ၊ အလယ်အလတ်အဆင့်ဖြစ်စေ၊ တန်းမြင့် အဆင့်ဖြစ်စေ မိမိရောက်ရှိနေသည့်အဆင့်တွင် ဟန်ချက်ညီညီ တတ်သိနားလည်ထားမှသာလျှင် လုပ်ငန်းတစ်ခ ုအတွက် ရလာဒ်ကောင်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မိမိရောက်ရှိနေသည့်အဆင့်မှ တစ်ဆင့်တက်လှမ်း လိုလျှင် ယင်းအတတ်ပညာသုံးရပ်ကို အလျဉ်းသင့်သလို ယှဉ်တွဲ လေ့လာရန်လိုအပ်ပါသည်။ ပညာရပ်ဆိုင်ရာ အတတ်ပညာကို လုပ်ငန်းလည်ပတ်ရာတွင် အသုံးချနိုင်စွမ်းမရှိပါက အနှစ်သာရနည်းပါသည်။ အထွေထွေရေးရာ တတ်သိမှု မရှိပါက အချိန်အခါကို အကျိုးရှိစွာ အသုံးချနိုင်ရန် ခဲယဉ်း ပါသည်။ ပညာရပ်ဆိုင်ရာ အတတ်ပညာကို ကောင်းမွန်စွာ တတ်ကျွမ်းမှုမရှိပါက လုပ်ငန်းလည်ပတ်ရာတွင် အခက်အခဲရှိပါသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသည်တစ်ယောက်အနေဖြင့် လုပ်ငန်းတာဝန်တစ်ခုအတွက် မိမိတွင် အတတ်ပညာသုံးရပ်ကို ဟန်ချက်ညီညီ တတ်ကျွမ်းထားခြင်းမရှိလျှင် ယင်းလုပ်ငန်းသည် ရလာဒ်ကောင်းရရှိရန် ခဲယဉ်းပါသည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာသည်များသည် အတတ်ပညာသုံးရပ်ကို ဟန်ချက်ညီညီ တတ်သိ နားလည်ရန် အထူးလိုအပ်ပါသည်။
၁၉/၄/၂၀၂၂
လက်ရှိအခြေအနေကို စဉ်းစားနေရင်း ထိုင်မျှောနေတာထက် တစ်ခုခုကို လုပ်နေမှသာ အကျိုးရှိမယ်လို့ ယုံကြည် ၍ တင်ပြလိုက်ပါသည်။
No comments:
Post a Comment