Thursday, 28 April 2022

ရှေ့နေ အမှုသည် အထူးအခွင့်အရေး (Lawyer – Client Privilege)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကြေညာချက်တစ်စောင်ဖြင့် ရှေ့နေများကို လှုပ်ခတ်သွားစေပါသည်။ ယင်းကြေညာ ချက် တစ်စောင်ကို ရှေ့နေတိုင်း ကြားသိပြီးဖြစ်ပါမည်။ မတူကွဲပြားသော အယူအဆများ၊ အမြင်များဖြင့် ပြောကြဆိုကြသည်ကိုလည်း တွေ့မြင်ရပါသည်။ ထို မတူကွဲပြားသော အယူအဆများ၊ အမြင်များရှိသည့် ရှေ့နေများ ထဲတွင် ကျွန်တော်လည်းတစ်ယောက်အပါအဝင်ဖြစ်ပါသည်။

၁။        အကြောင်းအရင်းခံဇစ်မြစ်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အသေးစား ငွေရေး ကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီက ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၃) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် - ၂/၂၀၁၉ ဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၄) ရက်နေ့တွင် အမိန့်အမှတ် - ၄၅/၂၀၁၉ ဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၅) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် -  ၁၇/၂၀၁၉ ဖြင့် လည်းကောင်း အသီးသီးထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သုံးရက်ဆက်တိုက်ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သုံးခုတွင် ရှေ့နေရှေ့ရပ်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ပါရှိခဲ့ပါသည်။  အဆိုပါ ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ပြီး နောက် တစ်လကျော်အကြာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ စာအမှတ်၊ ၂၄၃၁/၁-၁ (စု-၄၀)/ ၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရှေ့နေရှေ့ရပ်နှင့် နိုတြိပဗ္ဗလစ် များ အတွက် သီးသန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသီးသန့်ထုတ်ပြန်ချက်ကြောင့် ရှေ့နေရှေ့ရပ်များအကြား လှုပ်ခတ် လာခြင်းဖြစ်သည်ဟု မြင်မိပါသည်။

၂။         ဥပဒေပါ အခွင့်အရေး

သက်ဆိုင်ရာ အစိုးရဌာနအသီးသီး၏ ထုတ်ပြန်ချက်အသီးသီး၏ ရည်ရွယ်ချက်မှာ ရှေ့နေများသည် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် ဥပဒေ ဖြင့် လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ မည်သည့်နေရာတွင် လုပ်ပိုင်ခွင့်ပေးရ သည်ကို အနှစ်သာရအရ လေ့လာရာ တွင် မိမိနှင့်ဆက်သွယ်ဆောင်ရွက်သည့် လုပ်ငန်းရှင်တစ်ဦး၊ တစ်ဖွဲ့ သို့မဟုတ် ပြည်သူတစ်ဦး၏ လုပ်ငန်းဆောင်ရွက်ချက် နှင့်စပ်လျဉ်းသည့် ကိစ္စများပင်ဖြစ်ပါသည်။ ရှေ့နေလုပ်ငန်း သဘာဝအရ ရှေ့နေတစ်ယောက်ရဲ့ အမှုသည်၏ လုပ်ငန်း ဆောင်ရွက်ချက်ကို စောင့်ကြည့်ရန်နှင့် သက်ဆိုင်ရာသို့ သတင်းပို့ရန်ဖြစ်ပါသည်။ တစ်ခြားတစ်ဖက်က ကြည့်လျှင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရလည်း ကောင်း၊ ယင်းဥပဒေပါ ပြဌာန်းချက်များအရ သက်ဆိုင်ရာ အစိုးရဌာန အသီးသီး၏ ထုတ်ပြန်ချက်များအရ လည်းကောင်း ရှေ့နေရှေ့ရပ်များသည် မိမိအမှုသည်၏ ဆောင်ရွက်ချက်ကို သက်ဆိုင် ရာဌာနသို့ သတင်းပို့ ရမည်ဖြစ် သော်လည်း သက်သေခံဥပဒေအရ ရှေ့နေများသည် မိမိအမှုသည်နှင့် သက်ဆိုင်သည့် အချက် အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ပြဌာန်းထားပါသည်။ အနှစ်ချုပ်ဆိုရလျှင် ရှေ့နေများသည် မိမိ အမှုသည်၏ သတင်းအချက်အလက်များကို အမှုသည်မသိရှိဘဲ အခြားသူတစ်ပါးအား ထုတ်ဖော်ပြောကြားခြင်း မပြုရသည် မှာ ဥပဒေအရ ပေးအပ်ထားသည့်လုပ်ပိုင်ခွင့်ဖြစ်ပါသည်။   ယေဘူယျ ဆိုရလျှင် ဥပဒေနှစ်ရပ်ပါ ပြဌာန်းချက်များ သို့မဟုတ် ဥပဒေပါ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များသည် အချင်းချင်း မညီညွှတ် ဆန့်ကျင်နေလျက်ရှိသည်ဟု ကောက်ယူနိုင်ပါသည်။ သို့ရာတွင် ဥပဒေ၏သဘောသဘာဝအရ ဥပဒေတိုင်းတွင် ချွင်းချက်ပြဌာန်းချက်များ ပါရှိတတ်၍ ယင်းချွင်းချက်များကို လေ့လာရမည်ဖြစ်ပါသည်။

၃။        ရှေ့နေ အမှုသည် အထူးအခွင့်အရေး

ရိုးသားစွာဝန်ခံရလျှင် ဤရှေ့နေအမှုသည် အထူးအခွင့်အရေး ဆိုသည့် စကားရပ်ကို အင်္ဂလိပ်ဘာသာဖြင့်သာ စတင် သိရှိခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့သောစကားရပ်ကို အတိအလင်း မသုံးခဲ့ကြ၍ ဖြစ်ပါမည်။ စသိရှိခဲ့ ရသည့် အကြောင်းအရင်းမှာ ၂၀၁၅ - ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် အချိန်ပိုင်းရှေ့နေအဖြစ် ဆောင်ရွက်စဉ်က အမှုတစ်ခု ဖြေရှင်းပေးရခြင်းနှင့် စပ်လျဉ်း၍ မိမိ၏လုပ်ရပ်ကြောင့် မည်သူမှ မသိလိုက်ခင် မိမိကိုယ်မိမိ ဆင်ခြင်လိုက်ရသည့်အဖြစ်မှ စတင်လေ့လာမိခြင်းဖြစ်ပါသည်။ မိမိ၏ လုပ်ငန်းခွင် သဘာဝကြောင့် မကြာမကြာ လေ့လာ ထားရသည့် ခေါင်းစဉ်တစ်ခုအဖြစ်ရှိခဲ့သော်လည်း အကြောင်း တိုက်ဆိုက်ခြင်းမရှိခဲ့၍ မျှဝေခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ဥပဒေပညာရှင်များ၊ ပြည်တွင်းရှိ ဝါရင့်ဥပဒေပညာရှင် ရှေ့နေကြီးများက တတ်သိ နားလည်ပြီးဖြစ်ပါမည်။ သို့သော်လည်း အကြောင်း မတိုက်ဆိုင်သေး၍ ထုတ်ဖော်ပြောကြားမှု မရှိသေးသည်လည်း ဖြစ်ပါမည်။ ယနေ့ခေတ်တွင် နိုင်ငံတကာ ကော်ပိုရေးရှင်းများ ပြည်တွင်းတွင် ရောက်ရှိလာသည်ကြောင့်  ဤခေါင်းစဉ်သည် အရေးပါလာပါသည်။ ကျွန်တော့်အနေဖြင့် တတ်သိနားလည်လှသည် မဟုတ်သော်လည်း လက်တွေ့ကြုံဆုံဖူးသည့် အတွေ့အကြုံ ကြောင့် မျှဝေ ရန် ရည်စူးမိပါသည်။

(က)     သက်ဆိုင်သည့် ဥပဒေ

ရှေ့နေရှေ့ရပ်တိုင်း ရင်ထဲစွဲမြဲမှတ်ထားကြသည်မှာ မိမိအမှုသည်၏ သတင်းအချက်အလက်များကို အမှုသည်၏ ခွင့်ပြုချက်မရှိပါက မည်သူ့ကိုမှ ထုတ်ဖော်ပြောဆိုရခြင်းမပြုရ၊ လျှို့ဝှက်ထိန်းသိမ်းထားရမည် ဆိုသည့် အချက် ဖြစ်ပါသည်။ ထိန်းလည်းထိန်းသိမ်းကြပါသည်။ ထိုသို့ လျှို့ဝှက်ထိန်းသိမ်းထားရန်လည်း သက်သေခံ ဥပဒေက အတိအလင်းပြဌာန်းထားပါသည်။ သို့သော် ရှေ့နေအမှုသည် အထူးအခွင့်အရေးဟူသည့် စကားရပ်သည် သက်သေခံဥပဒေတွင် အတိအလင်း မပါရှိပါ။ သို့သော် ယင်းစကားရပ်၏ အနှစ်သာရသည် ပုဒ်မ ၁၂၆ မှ ပုဒ်မ ၁၂၉ တွင် အတိအလင်းပါရှိပါသည်။ အင်္ဂလိပ် ရိုးရာဥပဒေကျင့်သုံးသည့် ဒေသတွင်းနိုင်ငံများ၏ ရှေ့နေအမှုသည် အထူးအခွင့်အရေး ဆိုသည့်ခေါင်းစဉ်နှင့် စပ်လျဉ်း၍ ရေးသားသည့်စာတမ်းများ၌  အင်္ဂလိပ် သက်သေခံဥပဒေပုဒ်မ ၁၂၆/၁၂၉ ကို မှီငြမ်းကိုးကား ဖော်ပြထားသည်ကို လေ့လာ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ရှေ့နေအမှုသည် အထူးအခွင့်အရေး ဆိုသည့်ခေါင်းစဉ်ကို အသုံးနည်းသည်ဟု ဆိုနိုင် သကဲ့သို့ ယခုစာစုရေးနေစဉ် အင်တာနက်တွင် " Lawyer-Client Privilege in Myanmar" ဟု ရှာဖွေသော်လည်း ဆက်စပ်သည့် ဆောင်းပါးတစ်ပုဒ်ပင် ရှာမတွေ့ မိပါ။ (ဒေသတွင်းစာတမ်းတစ်ခုတွင် မြန်မာ့ သက်သေခံ ဥပဒေပုဒ်မ ၁၂၆ ကို မှီငြမ်းထားသည်ကို လေ့လာ တွေ့ရှိရပါသည်။)

(ခ)       စတင်မွေးဖွားလာခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ၂၀၁၉ ခုနှစ်၊ နိုင်ဝင် ဘာလ (၁၃) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် - ၂/၂၀၁၉ ၏ အပိုဒ် ၂၃ တွင်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၄) ရက်နေ့တွင် အမိန့်အမှတ် - ၄၅/၂၀၁၉ ၏ အပိုဒ် ၃၁ တွင်လည်းကောင်း အောက်ပါ အတိုင်း ဖော်ပြထားသည်ကိုတွေ့မြင်ရပါသည်- 

"ရှေ့နေ၊ နိုတြီပဗ္ဗလစ်၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် စာရင်းကိုင်များ၊ စာရင်းစစ်များအနေဖြင့် မိမိတို့ ဆက်သွယ်ဆောင်ရွက်သူများ၏ ဥပဒေရေးရာရပ်တည်ချက်ကို စိစစ်သည့် ကိစ္စရပ် သို့မဟုတ် တရားရေး၊ စီမံခန့်ခွဲရေး၊ ခုံသမာဓိ သို့မဟုတ် စေ့စပ်ဖြန်ဖြေမှုဆိုင်ရာ စစ်ဆေးစီရင်မှုများတွင် အဆိုပါ ဆက်သွယ် ဆောင်ရွက်သူအား ခုခံကာကွယ် ပေးခြင်း သို့မဟုတ် ၎င်း၏တရားဝင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း ကိစ္စရပ် အပါအဝင် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းဆိုင်ရာလျှို့ဝှက်ထားရှိရေး သို့မဟုတ် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထူးအခွင့်အရေးနှင့် သက်ဆိုင်သည့်အခြေအနေများတွင် ရရှိသည့် သတင်း အချက် အလက်ဖြစ်ပါက သံသယဖြစ်ဖွယ် သတင်းပို့ချက်ဖြင့် သတင်းပို့ရန် လိုအပ်ခြင်းမရှိစေရ။"

ဤအပိုဒ်တွင် "ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထူးအခွင့်အရေး" ဆိုသည့် စကားရပ်သည် ရှေ့နေအမှုသည် အထူးအခွင့်အရေးကို ဖော်ညွှန်းထားခြင်းပင်ဖြစ်ပါသည်။ အစိုရဌာနအသီးသီးက ထုတ်ပြန် ချက်ပါ အကြောင်းအရာများ၏ ဆိုလိုရင်းသည် ရှင်းလင်းပါသည်။ သို့သော် ရှေ့နေများအတွက် ရှေ့နေအမှုသည် အထူးအခွင့်အရေး ဆိုသည့် သဘော သဘာဝကို နားလည်ဖို့လိုအပ်လာပါသည်။

(ဂ)       သဘောသာဝနှင့် အနှစ်သာရ

သက်သေခံဥပဒေပုဒ်မ ၁၂၆ မှ ၁၂၉ အထိ ပြဌာန်းချက်များ၏ သဘောသဘာဝနှင့်အနှစ်သာရကို ဆရာကြီး ဦးသက်ဖေက အတိအလင်းဖွင့်ဆိုထားပြီးဖြစ်ပါသည်။ အဓိက ပြဌာန်းချက်မှာ ပုဒ်မ ၁၂၆ ဖြစ်ပါသည်။ သတိထား ရမည့်အချက်မှာ ဥပဒေနှင့်မညီသောကိစ္စရပ်ကို ဆောင်ရွက်ရန်ပြောဆိုချက်နှင့် အမှုစအပ်စဉ် အမှုပါအကြောင်း အချက်၊ အမှုဆောင်ရွက်စဉ် အတောအတွင်း ပြစ်မှုတစ်ခုခု ကျူးလွန်ကြောင်းတွေ့မြင်ရသည့်အချက် ဆိုသည့် နှစ်ချက်ဖြစ်ပါသည်။ ပိုမိုသတိထား ရမည့်အချက်မှာ ဤပုဒ်မပါ တာဝန်များကို ရှေ့နေအဖြစ်ငှားရမ်းမှု ရပ်စဲပြီး သည့် နောက်တွင်လည်း ဆက်လက်ထမ်းဆောင် နေရမည့်အချက်ဖြစ်ပါသည်။ သဘောသဘာဝအားဖြင့် အမှုသည်၏သတင်းအချက်အလက်များကို အမှုသည်၏ ခွင့်ပြု ချက်မရှိဘဲ အခြားသူအား မပြောပြရန်ဖြစ်ပြီး၊ အနှစ်သာရအားဖြင့် အမှုသည်၏ သတင်းအချက်အလက်များကို ထုတ်ဖော် ပြောဆိုရန် ရှေ့နေအား သက်ဆိုင်ရာက တွန်းအားပေးသည့်အခါ ဤပုဒ်မပါအခွင့်အရေးအရ ရှေ့နေကထုတ်ဖော် ပြောဆိုရန် ဥပဒေအရ ကင်းလွတ်ခွင့်ရရှိခြင်းဖြစ်ပါသည်။ ထိုသို့ ဥပဒေအရ ကင်းလွတ်ခွင့်ရရှိခြင်းကို ရှေ့နေအမှုသည် အထူးအခွင့်အရေး ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ယင်းအခွင့်အရေးကို အထက်ပါ အစိုးရဌာနအသီးသီး၏ ထုတ်ပြန်ချက်များ က အသိမှတ်ပြုထားခြင်းဖြစ်ပါသည်။

(ဃ)     နိုင်ငံတကာ သတ်မှတ်ချက်များ

နိုင်ငံတကာရှေ့နေအသင်းမှ ထုတ်ပြန်ထားသည့် ဥပဒေအသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှု နိုင်ငံ တကာ အခြေခံမူများ၏ အပိုဒ် ၄ တွင်  "ရှေ့နေတစ်ယောက်သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ကိုင် ဆောင်ရွက်မှုသက်ဆိုင်ရာစည်းမျဉ်း သို့မဟုတ် ဥပဒေအရ အခြားနည်းဖြင့် ခွင့်ပြုခြင်း သို့မဟုတ် လိုအပ်ခြင်း မရှိလျှင် လက်ရှိ သို့မဟုတ် ယခင်အမှုသည်၏ အရေးကိစ္စများနှင့် စပ်လျဉ်း၍ အစဉ်မြဲလျှို့ဝှက်ထိန်းသိမ်း ထားရမည့်အပြင် အကာအကွယ်လည်း ပြုလုပ်ခွင့်ရှိစေရမည်။" ဟု ထည့်သွင်း သတ်မှတ်ထားပါသည်။ ဥရောပ ရှေ့နေများကျင့်ဝတ်် အပိုဒ် ၂-၃ အောက်တွင် ရှေ့နေတစ်ယောက်သည် မိမိ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်စဉ်တွင် သိရှိလာသည့် သတင်းအချက် အလက်များအားလုံးကို လျှို့ဝှက်ထားရှိရမည်။ လျှို့ဝှက် ထိန်းသိမ်းထားရမည့်တာဝန်သည် အချိန်ကန့်သတ်ထားခြင်း မရှိပါ။ ဟူ၍ ချမှတ်ထားသည်ကို တွေ့မြင်ရပါသည်။ အမေရိကန်ရှေ့နေများအသင်းက ထုတ်ပြန်သည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာကျင့်ဝတ် ၊ စည်းမျဉ်း ၁-၆ တွင် - ရှေ့နေတစ်ယောက်သည် အမှုသည်၏ ကြိုတင်သဘောတူညီမှုမရှိဘဲ အမှုသည်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုရဟု အတိအလင်း သတ်မှတ်ထားပါသည်။

(င)       နိုင်ငံတကာ လက်တွေ့ကျင့်သုံးမှု

ရှေ့နေအမှုသည် အထူးအခွင့်အရေး၏ အခြေခံမူမှာ အမှုသည်နှင့်ရှေ့နေအကြား ဆက်သွယ်ပြောဆိုရာတွင် လွတ်လပ် ပေါ့ပါးစွာ ပြောဆိုနိုင်စေရန်ဖြစ်ပါသည်။ အမှုသည်ပြောဆိုသမျှကို ရှေ့နေက လျှို့ဝှက်ထိန်းသိမ်း ရာတွင် ဥပဒေနှင့်အညီ အကာအကွယ်ပေးမှသာလျှင် အမှုသည်က မိမိ၏လုပ်ကိုင်ဆောင်ရွက်ချက်အားလုံးကို ရှေ့နေအား လွတ်လပ်စွာ ထုတ်ပြော လာနိုင်မည်ဖြစ်၍ ယင်းအချက်ကို ရည်ရွယ်သောအားဖြင့် အမှုသည်အား အကာအကွယ်ပေးထားသည့် မူဖြစ်ပါ သည်။ ရှေ့နေအမှုသည် အထူးအခွင့်အရေးကို ကျင့်သုံးရန် ရှေ့နေနှင့် အမှုသည်အကြား ဆက်သွယ်ပြောကြားရာတွင် အခြေခံအချက်များမှာ- (၁) ရှေ့နေ သို့မဟုတ် ရှေ့နေ၏ ကိုယ်စားလှယ်နှင့်အမှုသည်အကြား ဆက်သွယ်ပြောကြားမှု ဖြစ်ရမည်၊ (၂) ဆက်သွယ်ပြောကြားမှုကို အမှုသည်က ပြောကြားရမည်ဖြစ်ပြီး လျှို့ဝှက်သတင်းအချက်အလက်လည်း ပါရှိ ရပါမည်၊ (၃) ဆက်သွယ် ပြောကြားမှုသည် အထူးအခွင့်အရေးမရရှိထိုက်သူ အခြားသူတစ်ပါး၏ ပြင်ပ (မျက်ကွယ်) တွင် ဖြစ်ရမည်၊ (၄) ဆက်သွယ်ပြောကြားမှုသည် ဥပဒေအကြံဉာဏ်ရယူရန်ရည်ရွယ်ခြင်းဖြစ်ရမည်၊ (၅) အထူးအခွင့် အရေးကို အမှုသည်က အခြားနည်းဖြင့် စွန့်လွှတ်ခြင်းမရှိစေရ။ အထူးအခွင့်အရေးဖြင့် ဆက်သွယ်ပြောကြားချက်များသည် စာဖြင့် ရေးသာ၍ဖြစ်စေ သို့မဟုတ် နှုတ်ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်သော်လည်း ဆက်သွယ်ပြောကြားရာတွင် အထူးအခွင့် အရေး ခံစားခွင့်ရှိသူသာလျှင် အကာအကွယ်ရရှိနိုင်ပါသည်။

ရှေ့နေနှင့် အမှုသည်များသည် ယင်းတို့နှစ်ဖက်အကြား ဆက်သွယ်ပြောကြားချက်များအားလုံးသည် အထူးအခွင့် အရေး အကာအကွယ် ရရှိနိုင်သလားဆိုသည်ကို သိချင်မှ သိနိုင်ပါမည်။ အထူးအခွင့်အရေးသည် သိရှိပြီးသည့် အချက်များကို အကာအကွယ်မပေးနိုင်ပေ။ အမှုသည် ဆက်သွယ်ပြောကြားချက်များသည် ရှေ့နေပါဝင်ခြင်း မရှိပါက အထူးအခွင့်အရေး မမည်ပေ။ အထူးအခွင့်အရေးသည် ရာဇဝတ်မှုများကို ဖုံးကွယ်ရန် သို့မဟုတ် ရာဇဝတ်မှုများဆောင်ရွက်ရန် အထောက်အကူပြုရန် အသုံးချခွင့်မရှိပေ။ ရှေ့နေအမှုသည် အထူးအခွင့် အရေး သည် တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ စာရွက်စာတမ်း များကို ရှာဖွေဖော်ထုတ်နေစဉ်အတောအတွင်း အရေးကြီး သည့် စာရွက်စာတမ်းများကို ထုတ်ဖော်ခြင်းမှ အကာအကွယ် ပြုရန်အလို့ငှာ ကြိုတင်ကာကွယ်သည့် နည်းလမ်း ဖြစ်ပါသည်။

၄။        နှိုင်းယှဉ်သုံးသပ်ခြင်း

သက်သေခံဥပဒေပုဒ်မ ၁၂၆ မှ ၁၂၉ အထိပါ ပြဌာန်းချက်များ၏ သဘောသာဝနှင့် အနှစ်သာရကိုလည်းကောင်း၊ ရှေ့နေ အမှုသည်အထူးအခွင့်အရေး၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကိုလည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန အသီးသီး၏ ထုတ်ပြန်ချက်များအရလည်းကောင်း အကျဉ်းမျှတင်ပြထားပြီးနောက် အဆိုပါ အချက်သုံးချက်ကို နှိုင်းယှဉ်သုံးသပ်ရမည် ဖြစ်ပါသည်။

သက်သေခံဥပဒေပုဒ်မ ၁၂၆ ၏ ချွင်းချက် နှစ်ရပ်သည် အမှုသည်၏ ဥပဒေနှင့် မညီသည့် လုပ်ရပ်များအပေါ် အထူးအခွင့် အရေးကို အသုံးချ အကာအကွယ်မယူနိုင်ပေ။ အမှုသည်၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်သော အကြောင်းအချက်များဖြစ်ပါက ရှေ့နေသည် ရှေ့နေအမှုသည်အထူးအခွင့်အရေးကို အကာအကွယ် ယူနိုင်ပါသည်။ အထက်ဖော်ပြပါ ထုတ်ပြန်ချက်များတွင်လည်း ရှေ့နေအမှုသည် အထူးအခွင့်အရေးကို အတိအလင်းအသိမှတ်ပြု ထား ပါသည်။ ထိုအချက်များနှင့် စပ်လျဉ်း၍ အထွေအထူး စောဒကတက်ရန် မရှိပေ။

ရှေ့နေသည် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင်နေစဉ် လိုက်နာရသည့် ဥပဒေ၊   တာဝန် လစ်ဟင်းမှုကြောင့် ပြစ်ဒဏ်သတ်မှတ်ခံရလျှင် လိုင်စင်ဆိုင်းင့ံခြင်း၊ လိုင်စင်ရုတ်သိမ်းခြင်းစသည့် ပြစ်ဒဏ်များကို ကျခံရပါသည်။ သို့ရာတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များကို မလိုက်နာခြင်း သို့မဟုတ် ပျက်ကွက်ခြင်းကြောင့် ဥပဒေပါ ပြစ်ဒဏ်အရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ကျခံရနိုင်သည်ဟု အတိအလင်းဖော်ပြပါရှိလာ၍ ရှေ့နေများအနေဖြင့် အထူးအလေးဂရုပြုစရာဖြစ်ခဲ့ပါသည်။ ဤနေရာတွင် ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံးမှ စာအမှတ်၊ ၂၄၃၁/၁-၁ (စု-၄၀)/ ၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ကြေညာချက်ပါ ရည်ညွှန်းသည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၂ ကို လေ့လာရမည်ဖြစ်ပါသည်။ ဥပဒေပြဌာန်းချက်မှာ-

"သတင်းပို့အဖွဲ့အစည်းများသည် သတင်းပို့ရန် သတ်မှတ်ထားသည့် တန်ဖိုးပမာဏ သို့မဟုတ် ယင်းတန်ဖိုး ပမာဏထက်ကျော်လွန်သော ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းဆောင်ရွက်မှုများဖြစ်လျှင် သို့မဟုတ် ငွေကြေး သို့မဟုတ် ပစ္စည်းတစ်ရပ်ရပ်ကို တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည်ဟု သော်လည်းကောင်း၊ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုနှင့် ဆက်နွယ်ပတ်သက်သည်ဟု သော်လည်း ကောင်း သံသယဖြစ်ဖွယ်အကြောင်းရှိလျှင် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ သတ်မှတ်သည့်နည်းလမ်းများအတိုင်း ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ချက်ချင်းသတင်း ပို့ရမည်။"   ဟူ၍ဖြစ်ပါသည်။

ပြဌာန်းချက်ကို စိစစ်ကြည့်ရာတွင်  (၁) သတ်မှတ်သည့် တန်ဖိုးပမာဏ သို့မဟုတ် ယင်းထက်ကျော်လွန်ခြင်း၊ (၂) ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်သည် တရားမဝင်သောနည်းလမ်းဖြင့် ရရှိခြင်း၊ (၃) ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း စသည့်အချက်များအပေါ် သံသယဖြစ်ဖွယ်ရှိလျှင် သတင်းပို့ရန်ဟု နားလည်နိုင်ပါသည်။ ရှေ့နေသည် နံပါတ် (၁) အချက်ကို သက်ဆိုင်ရာ ပြဌာန်းချက်များအရ သိရှိနိုင်ပါလိမ့်မည်။ နံပါတ် (၂) အချက်နှင့် နံပါတ် (၃) အချက်ကို ရှေ့နေများသည် အလွယ်တကူမသိနိုင်သည့်အလျောက် စုံစမ်းစစ် ဆေးရေးပညာအရ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှ သိရှိနိုင်ပါလိမ့်မည်။ ရှေ့နေများအနေဖြင့် မိမိထံလာရောက် အမှုအပ်နှံသည့် အမှုသည်၏ ဆောင်ရွက်ချက်များ သည် အထက်ပါ အချက် (၃) ချက်တွင် တစ်ခုခုနှင့် ညှိစွန်းနေ လျက်ရှိသည်ဟု သံသယရှိလျှင် အမှုသည်၏ ခွင့်ပြုချက်မလို ဘဲ သက်ဆိုင်ရာသို့ လျှင်မြန်စွာ သတင်းပို့ရမည် ဆိုသည့် သဘောသက်ရောက်ပါသည်။ ဥပဒေအရ "သံသယဖြစ်ဖွယ်ရာအကြောင်းရှိလျှင်" ဟု ဖွင့်ဆိုထားရာ သံသယရှိပါက သတင်းပို့ရန်ဖြစ်ပါသည်။

ရှေ့နေတစ်ယောက်နေဖြင့် သုံးသပ်ရန်မှာ သံသယ ရှိခြင်းသည် အမှုသည်က ဥပဒေတစ်ရပ်ကို ကျူးလွန်ခဲ့ပြီး သို့မဟုတ် ကျူးလွန်နေသည်ဟု သတ်မှတ်၍ ရ၊ မရ ဖြစ်ပါသည်။ ပုံစံနမူနာအရ အစားထိုးသုံးသပ်ကြည့်လျှင် - သံသယရှိခြင်းသည် အမှုသည်က ဥပဒေတစ်ရပ်ကို ကျူးလွန်ခြင်းမဟုတ်သေးလျှင် အမှုသည်က ရှေ့နေသို့ ဆက်သွယ်ပြောဆိုသော အချက်များသည် သက်သေခံဥပဒေပုဒ်မ ၁၂၆ အရ အမှုသည် ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခွင့်မရှိ။ ဆန့်ကျင်ဖက်အရ သံသယရှိခြင်းသည် အမှုသည်က ဥပဒေတစ်ရပ်ကို ကျူးလွန်ပြီး ဖြစ်လျှင် အမှုသည်က ရှေ့နေသို့ ဆက်သွယ်ပြောဆိုသော အချက်များသည် သက်သေခံဥပဒေပုဒ်မ ၁၂၆ အရ အမှုသည် ခွင့်ပြုချက်မလိုဘဲ ထုတ်ဖော်ပြောဆိုခွင့် ရှိမည်။ သို့ဖြစ်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၂ ပါ ပြဌာန်းချက် တစ်ရပ်လုံးတွင် "သံသယဖြစ်ဖွယ်ရာ အကြောင်းရှိလျှင်" ဟူသည့် စကားရပ်ကို ရှေ့နေများ အထူးအလေးထားရမည့်အချက်ဖြစ်ပေသည်။

အနှစ်ချုပ်ကြည့်လျှင် အမှုသည်၏ ပြုလုပ်ဆောင်ရွက်ချက်များသည် (၁) ဥပဒေနှင့် ညီ၊ မညီ ကို အထူးဂရုပြုရ မည်။ ထို့အပြင် အမှုသည်၏ ပြုလုပ်ဆောင်ရွက်များသည်  (၂) ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၂  ပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင်စိစစ်၍ သံသယရှိလျှင် သက်ဆိုင်ရာသို့ သတင်းပို့ရန် ဖြစ်သည်။ အမှုသည်၏ ပြုလုပ်ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ပါက ရှေ့နေအမှုသည်အထူးအခွင့်အရေးအရ အကာအကွယ် ကို ကျင့်သုံးပိုင်ခွင့်ရရှိမည် ဖြစ်သည်။

၅။        ကောက်နှုတ်ချက်နှင့် အကြံပြုချက်

ပြဌာန်းပြီးသည့် ဥပဒေများကို လိုက်နာကျင့်သုံးရသူများထဲတွင် ရှေ့နေများက ထိပ်ဆုံးမှ ပါဝင်ပါသည်။ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေတွင် ရှေ့နေများ၏ အခန်းကဏ္ဍသည်လည်း ထင်ထင်ရှားရှား ပါဝင်လာပါသည်။ တာဝန်များလည်း ပိုမိုထမ်းဆောင်လာရမည်ဖြစ်ပါသည်။ တာဝန်များပိုမိုထမ်းဆောင်လာရခြင်းနှင့် ညီမျှသည့် ဥပဒေအကာအကွယ်ကိုလည်း ရရှိခိုက်ခွင့်ရှိရပါမည်။ ရှေ့နေများအနေဖြင့် မည်သည်က တာဝန်၊ မည်သည်က အခွင့်အရေး သို့မဟုတ် အကာအကွယ်ကို ကောင်းမွန်စွာသိရှိပါမှ မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ကြေညာချက်တစ်စောင်သည် ရှေ့နေ များကို တပ်လှန့်လိုက်သည်ဖြစ်၍ - ဤစာစုကို စုစည်းတင်ပြလိုက်ပါသည်။

မှတ်ချက်***      

၂၀၁၉ က ဆောင်းပါးကို အနည်းအကျဉ်း တည်းဖြတ်ပြီး ပြန်လည်တင်ပြလိုက်ပါသည်။ အချိန်အခါအရ ရှေ့နေ ရှေ့ရပ်များ သတိမူမိရန် ရည်ရွယ်ပါသည်။

ရှမ်းနေအောင်

ဝ ၃ း ၁၅ နာရီ

၂၉-၁၂-၂၀၁၉

 

မှီငြမ်းကိုးကား

၁။        သက်သေခံဥပဒေ၏ သိကောင်းစရာများ (ဆရာကြီး ဦးသက်ဖေ)

၂။         သက်သေခံဥပဒေအဖွင့်ကျမ်း (ဆရာကြီး ဦးဘိုးသာ)

၃။        ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများ    (တရားလွှတ်တော်ချုပ် ရှေ့နေ များကောင်စီ)

၄။        ရှေ့နေရှေ့ရပ်ဆိုင်ရာ စီရင်ဆုံးဖြတ်ချက်များ (၁၉၆၂) မှ (၂၀၁၁) ထိ (ဆရာဦးခင်ဇော်-မရမ်းကုန်း)

၅။        Legal Ethics by Ronald D. Rotunda, Michael l. Krauss, published Thomson West

၆။        International Principles on Conduct for the Legal Profession, International Bar Association

၇။        European Lawyers Code of Conduct

၈။        Attorney-Client Privilege for In-House Counsel, by Doug Gallagher and Manasi Raveendram

Tuesday, 19 April 2022

လုပ်ငန်း နှင့် အတတ်ပညာ

အခြေခံသဘောသဘာဝ

လုပ်ငန်းတစ်ခုပြီးမြောက်ရန် အတတ်ပညာလိုအပ်ပါသည်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အတတ်ပညာ သည်လည်း ကွဲပြားပါသည်။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ပြီးမြောက်ရန် စိုက်ပျိုးရေးအတတ်ပညာ လိုအပ်သကဲ့သို့ ကွန်ပျူတာဖြင့်လုပ်ရသည့်လုပ်ငန်းတစ်ခုပြီးမြောက်ရန် ကွန်ပျူတာ အတတ်ပညာလို အပ်ပါသည်။ လုပ်ငန်းတစ်ခု အတွက် အတတ်ပညာလိုအပ်သည့်အလျောက် ယင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် အတတ်ပညာ တတ်မြောက်မှ သာလုပ်ငန်းတစ်ခု အောင်မြင်နိုင်ပါသည်။ လုပ်ငန်းတစ်ခုအတွက် အတတ်ပညာသုံးရပ် လိုက်လျောညီထွေစွာ တတ်မြောက်ထားမှသာလျှင် ယင်းလုပ်ငန်းအောင်မြင်နိုင်သည်ကို အတွေ့အကြုံများက ဖော်ပြနေ၍ မိမိအယူ အဆဖြင့် တင်ပြပါသည်။

၁။ ပညာရပ်ဆိုင်ရာ အတတ်ပညာ/ဗဟုသုတ - Technical Skills/Knowledge

မိမိမည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ ယင်းလုပ်ငန်း၏ ပညာရပ်ဆိုင်ရာ အတတ်ပညာ/ဗဟုသုတ မဖြစ် မနေ တတ်ကျွမ်းရန်လိုအပ်ပါသည်။ ရွှေရင်အေး ရောင်းချသူသည် ရွှေရင်းအေးတွင် ပါဝင်သည့် အမယ်များအား လုံးကို လုပ်တတ်ရန် လိုအပ်ပါသည်။ ယင်းအမယ်များအားလုံးကို မလုပ်တတ်လျှင် လုပ်ငန်းအောင်မြင်ရန် မလွယ် ပါ။ ထို့နည်းတူစွာ အသက်မွေးဝမ်းကျောင်းပညာရပ်လုပ်ငန်းကို လုပ်ကိုင်သူသည် ယင်းအသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ ပညာရပ်ကို တတ်ကျွမ်းနေရန်လိုအပ်ပါသည်။ ရှေ့နေသည် ဥပဒေကို တတ်ကျွမ်းနေရပါသည်။ ဆရာဝန်သည် ဆေးပညာကို တတ်ကျွမ်းနေရပါသည်။ စာရင်းစစ်သည် စာရင်းအင်းပညာကို တတ်ကျွမ်းနေရပါ သည်။ ပညာရပ်အသီးသီးသည် အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ တန်းမြင့်အဆင့်ဟူ၍ အဆင့်ဆင့်ရှိကြ ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် မိမိ၏လုပ်ငန်း၊ မိမိ၏ တတ်ကျွမ်းမှုအဆင့်ကို သိနားလည်၍ ပိုမိုမြင့်မား သည့် ပညာရပ်ကို လေ့လာရပါသည်။ လုပ်ငန်းအောင်မြင်ရန် ပိုမိုလေ့လာရန်လည်း လိုအပ်ပါသည်။

၂။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတတ်ပညာ/ဗဟုသုတ - Operational Skill/Knowledge

လုပ်ငန်းလည်ပတ်မှုဆိုင်ရာအတတ်ပညာသည် တနည်းအားဖြင့် လုပ်ငန်းအတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာ အတတ် ပညာကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချတတ်သည့် အတတ်ပညာပင်ဖြစ်ပါသည်။ လုပ်ငန်းတစ်ခု လုပ်ကိုင် မည့်သူ၊ လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်မည့်သူ မည်သူမဆိုတတ်ကျွမ်းရန် လိုအပ်သည့် အတတ်ပညာ ပင်ဖြစ်ပါ သည်။ ပညာရပ်ဆိုင်ရာ အတတ်ပညာတတ်ကျွမ်းသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချတတ်မှု မရှိကြ လျှင် လုပ်ငန်းအောင်မြင်ရန် မလွယ်ပေ။ ရှေ့နေအလုပ်ဖြင့် ဥပမာပြရလျှင် တရားစွဲဆိုရေးဖက်တွင် ကျင်လည်မည့် ရှေ့နေသည် သက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်ကို တတ်သိနားလည်မည်ဖြစ်သော်လည်း အမှုလိုက်သည့် ပညာကို မတတ်ကျွမ်းနေလျှင် အမှုလိုက်ရှေ့နေအနေဖြင့် အောင်မြင်ရန် မလွယ်ကူပေ။ အမှုလိုက်ပညာသည် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အတတ်ပညာ ပင်ဖြစ်ပါသည်။ အမှုလိုက်ပညာသည် ရှေ့နေပညာပင်ဖြစ်ပါသည်။ ဥပဒေပညာ တတ်ကျွမ်းခြင်းသည် ပညာရပ်ဆိုင်ရာ တတ်ကျွမ်းခြင်းဟု ခေါ်ဆိုရမည်ဖြစ်ပြီး ထိုသူကို ဥပဒေပညာရှင်သာဟု ခေါ်ဆိုရပါသည်။ ဥပဒေပညာ တတ်ကျွမ်းခြင်းဖြင့် ရှေ့နေပညာတတ်ကျွမ်းသည်ဟု မှတ်ယူ၍ မရနေပါ။ ရှေ့နေ သည်  ပညာရပ်ဆိုင်ရာ အတတ်ပညာခေါ် ဥပဒေပညာကို တတ်ကျွမ်းရသည့်အပြင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတတ်ပညာခေါ် အမှုလိုက်ပညာရပ်ကိုလည်း တတ်ကျွမ်းရပါသည်။

၃။ အထွေထွေရေးရာ တတ်သိမှု/ဗဟုသုတ - General Skills/Knowledge

လူတစ်ယောက်သည် လုပ်ငန်းတစ်ခုကိုလုပ်ကိုင်မည်ဖြစ်လျှင် ယင်းလုပ်ငန်းနှင့်ဆက်စပ်သော အထွေထွေရေး ရာများကိုလည်း တတ်သိ နားလည်ရပါသည်။ ရွှေရင်အေး ရောင်းချမည့်သူသည် မိုးရာသီနှင့် ဆောင်းရာသီတွင် များများလုပ်ရောင်းမည် မဟုတ်သကဲ့သို့ နွေရာသီတွင် များများလုပ်၍ လူစည်ကားသည့်နေရာတွင် သွားရောက် ရောင်းချမည်သာဖြစ်ပါသည်။ ယင်းအသိသည် အထွေထွေရေးရာကို တတ်သိမှုဟု ဆိုရပါသည်။ ထို့နည်းတူစွာ ရှေ့နေသည် ဥပဒေပညာ၊ ရှေ့နေပညာ ခေါ် အမှုလိုက်ပညာကို တတ်သိရုံမျှဖြင့် မအောင်မြင်နိုင်သေးပေ။ ဈေးကွက်၊ ငွေကြေး၊ စာရင်းအင်း၊ နည်းပညာ၊ လူမှုရေးရာ၊ လုပ်ငန်းသဘာဝ စသည်ဖြင့် အမှုလိုက်ပညာနှင့် ဆက်စပ်နေသည့်၊ ဆက်စပ်လာနိုင်သည့် အထွေထွေရေးရာများကို တတ်သိနားလည်ထားရပါသည်။

ဟန်ချက်ညီ လေ့လာခြင်းနှင့် တတ်ကျွမ်းခြင်း

လုပ်ငန်းတစ်ခုကို လုပ်ကိုင်မည့်သူတိုင်းသည် ဖော်ပြခဲ့သည့် တတ်ကျွမ်းမှု သုံးရပ်ကို ဟန်ချက်ညီညီ လေ့လာရန် လိုအပ်သကဲ့သို့ ဟန်ချက်ညီ တတ်ကျွမ်းရန် လိုအပ်ပါသည်။ ယင်းသုံးချက်ကို ဟန်ချက်ညီညီ လေ့လာမှု မရှိခြင်း၊ ဟန်ချက်ညီညီ တတ်ကျွမ်းခြင်း မရှိထားလျှင် လုပ်ငန်းအောင်မြင်ရန် အလှမ်းဝေးနေမည်သာဖြစ်ပါသည်။ တက္ကစီ အငှားယာဉ်မောင်းတစ်ယောက်သည် ယာဉ်ကို မောင်းတတ်သည်၊ အသေးစားပြင်ဆင်တတ်သည်၊ ယင်းအတတ် ပညာသည် ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှုဖြစ်သည်။ အငှားယာဉ်မောင်းရာတွင် မည်သည့်လမ်းကြောတွင် မောင်း လျှင် အန္တရာယ်ကင်းပြီး၊ လိုရာခရီးကို အမြန်ရောက်သည်ကို တတ်သိခြင်းသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တတ်ကျွမ်းမှုဖြစ်သည်။ ကျောင်းဆင်း/ကျောင်းတက်ချိန်တွင် ယာဉ်ကြောကြပ်ပြီး၊ မည်သည့်အချိန်တွင် မည်သည့် နေရာတွင် ခရီးသည်များတတ်သည်ကို သိနားလည်ခြင်းသည် အထွေထွေရေးရာ တတ်သိမှုပင်ဖြစ်ပါသည်။ ယင်း သုံးခုကို ဟန်ချက်ညီညီ တတ်သိနေသည့် အငှားယာဉ်မောင်းသည် နေ့တွက်စရိတ် လုံလောက်ပိုလျှံနေ မည်သာ ဖြစ်ပါသည်။ ယင်း တတ်သိမှုသုံးခုကို ဟန်ချက်ညီညီ မတတ်ကျွမ်းနေသူသည် နေ့တွက်စရိတ် ပင်မဆိုဘဲ ဈေးဦး ပေါက်ရန်ပင် ခဲယဉ်းပါသည်။ (မိမိ၏အတွေ့အကြုံဖြစ်ပါသည်။)

 

 

အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာသည်များ

စီးပွားရေးလုပ်ငန်းကို တည်ထောင်သူလုပ်ငန်းရှင်သည် အထက်ပါ အတတ်ပညာသုံးရပ်လုံးကို အခြေခံသိရှိ ထားပြီး အဆင့်မြင့်ပညာကို အသုံးချရန်အတွက် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရှင်များကို ငှားရမ်း၍ လုပ်ကိုင်ဆောင်ရွက်စေပါသည်။ ယင်းအခြေအနေတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာသည် သည် တာဝန်ယူလုပ်ကိုင်ရသည်ဖြစ်သောကြောင့် ယင်းပညာသည်၏ တတ်ကျွမ်းမှုသည် အရေးပါလာပါသည်။ ပညာသည်သည် အတတ်ပညာသုံးရပ်ကို အခြေခံအဆင့်ဖြစ်စေ၊ အလယ်အလတ်အဆင့်ဖြစ်စေ၊ တန်းမြင့် အဆင့်ဖြစ်စေ မိမိရောက်ရှိနေသည့်အဆင့်တွင် ဟန်ချက်ညီညီ တတ်သိနားလည်ထားမှသာလျှင် လုပ်ငန်းတစ်ခ ုအတွက် ရလာဒ်ကောင်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မိမိရောက်ရှိနေသည့်အဆင့်မှ တစ်ဆင့်တက်လှမ်း လိုလျှင် ယင်းအတတ်ပညာသုံးရပ်ကို အလျဉ်းသင့်သလို ယှဉ်တွဲ လေ့လာရန်လိုအပ်ပါသည်။ ပညာရပ်ဆိုင်ရာ အတတ်ပညာကို လုပ်ငန်းလည်ပတ်ရာတွင် အသုံးချနိုင်စွမ်းမရှိပါက အနှစ်သာရနည်းပါသည်။ အထွေထွေရေးရာ တတ်သိမှု မရှိပါက အချိန်အခါကို အကျိုးရှိစွာ အသုံးချနိုင်ရန် ခဲယဉ်း ပါသည်။ ပညာရပ်ဆိုင်ရာ အတတ်ပညာကို ကောင်းမွန်စွာ တတ်ကျွမ်းမှုမရှိပါက လုပ်ငန်းလည်ပတ်ရာတွင် အခက်အခဲရှိပါသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသည်တစ်ယောက်အနေဖြင့် လုပ်ငန်းတာဝန်တစ်ခုအတွက် မိမိတွင် အတတ်ပညာသုံးရပ်ကို ဟန်ချက်ညီညီ တတ်ကျွမ်းထားခြင်းမရှိလျှင် ယင်းလုပ်ငန်းသည် ရလာဒ်ကောင်းရရှိရန် ခဲယဉ်းပါသည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာသည်များသည် အတတ်ပညာသုံးရပ်ကို ဟန်ချက်ညီညီ တတ်သိ နားလည်ရန် အထူးလိုအပ်ပါသည်။


၁၉/၄/၂၀၂၂

လက်ရှိအခြေအနေကို စဉ်းစားနေရင်း ထိုင်မျှောနေတာထက် တစ်ခုခုကို လုပ်နေမှသာ အကျိုးရှိမယ်လို့ ယုံကြည် ၍ တင်ပြလိုက်ပါသည်။

 

 

 

Thursday, 31 March 2022

ကွန်ဒိုမီနီယံ

 

မြို့ပြနေလူထုအတွက် ကွန်ဒိုမီနီယံ ဆိုသည့်စကားရပ်သည် မစိမ်းသော စကားရပ်ဖြစ်ပါသည်။ နှစ်ခန်းတွဲ လျက် ဆယ်ထပ်မြင့်၍ ဓါတ်လှေကားပါသည့် အဆောက်အဦကို ကွန်ဒို၊ မီနီကွန်ဒိုဟု ခေါ်လေ့ရှိ ကြပါသည်။   အကြောင်းတိုက်ဆိုက်မှု တစ်ခုအရ ကွန်ဒိုမီနီယံဆိုသည့် စကားရပ်နှင့် အဆောက်အဦ၏ သဘောသဘာဝကို လေ့လာခွင့်ရရှိခဲ့ပါသည်။ လေ့လာခွင့်အရ သိနားလည်သမျှကို သက်ဆိုင်ရာဥပဒေအပေါ် အနှစ်သဘောမျှ ကောက်နှုတ်၍ မျှဝေပါသည်။

၁။ သက်ဆိုင်သည့်ဥပဒေ

ကွန်ဒိုမီနီယံ အဆောက်အဦနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေမှာ "စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာ ဥပဒေ" ဖြစ်ပါသည်။ ယင်းဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၂၄   ဖြင့် ပြဋ္ဌာန်းခဲ့ ပါသည်။ နည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး၊ နည်းဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ၂၀၁၈ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့ပါသည်။

၂။ ဥပဒေ၏အနှစ်သာရ

ဥပဒေရေးဆွဲစဉ်၊ သက်ဆိုင်ရာ လွှတ်တော်များတွင် ဆွေးနွေးစဉ်၌ ပါဝင် သက်ဆိုင်သူများ၏ ရည်ရွယ်ချက် များနှင့် ဆွေးနွေးချက်များ ကို မိမိအနေဖြင့် လက်လှမ်းမမီ၊ မသိရှိနိုင်သော်လည်း ဥပဒေတစ်ရပ်လုံးကို ခြုံငုံလေ့လာသည့်အခါ ဥပဒေ၏ အနှစ်သာရကို အနည်းအကျဉ်း သိနားလည်ခွင့်ရပါသည်။  အနှစ်သာရ သုံးရပ် ပါရှိသည်ဟု မှတ်ယူထားပါသည်။ ယင်းတို့မှာ -

(က)     ဝယ်ယူသူက အိမ်ခန်းကို အိမ်ခန်းမှတ်ပုံတင်လက်မှတ် တရားဝင်ပိုင်ဆိုင်ရရှိခြင်း၊

(ခ)       ဝယ်ယူသူက အိမ်ခန်းပိုင်ဆိုင်မှုနှင့်အတူ စုပေါင်းပိုင်အဆောက်အအုံ တစ်ခုလုံး၏ ကောင်းကျိုး၊ ဆိုးကျိုးကို အချိုးသင့်ပိုင်ဆိုင်မှုအစုတန်ဖိုး (Share Value) အလိုက်  တာဝန်ယူရခြင်း၊

(ဂ)       အိမ်ခန်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက အသိမှတ်ပြုခြင်းနှင့် နိုင်ငံတော်အတွက် ရထိုက် သော အခွန်အခများကို ရရှိစေခြင်း တို့ဖြစ်ပါသည်။

 

၃။ တိုက်ခန်းအိမ်ရာ ဈေးကွက်

မြို့ပြတစ်ခုအတွက် လူနေအိမ်ရာနှင့်စပ်လျဉ်း၍ တိုက်ခန်းသည် အဓိကကျသည့် ကဏ္ဍတွင်ပါဝင်ပါသည်။ မြို့ပြနေလူထုအတွက် အိမ်ခြံဝင်းမပိုင်ဆိုင်နိုင်လျှင် တိုက်ခန်းသည် ပထမဦးစား ပေးရသည့် နေအိမ်ပင်ဖြစ် ပါသည်။ မြို့ပြနေလူထုအတွက် တိုက်ခန်းဈေးကွက်သည် စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်နေလျက် ရှိပါ သည်။ သို့ရာတွင် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှသကဲ့သို့  ဝယ်နိုင်စွမ်းအား နှင့် ရောင်းနိုင်စွမ်းအား လည်း မမျှနေပေ။ (ဤယူဆချက်သည် မိမိ၏ပုဂ္ဂလိက ယူဆချက်သာ ဖြစ်ပါသည်။) မြို့ပြလူထုနှင့် အိမ်ရာကို နှိုင်းဆ လျှင် အိမ်ရာက ဖြည့်ဆည်းရန် လိုအပ်နေလျက်ရှိသည်ဟု ပညာရှင်များက ဆိုထားပါသည်။ သို့သော်လည်း တည်ရှိပြီး တိုက်ခန်းအိမ်ရာများကို ပြည်သူအများစုက လက်လှမ်းမမီနိုင်၍ ဝယ်နိုင်စွမ်းအား မရှိနေကြပါ။ တိုက်ခန်းအိမ်ရာဈေးကွက်သည် မြို့ပြနေပြည်သူလူထုအတွက် အစဉ်အမြဲ အရေးပါနေမည်သာဖြစ်ပါသည်။

 

၄။ အနာဂတ်အိပ်မက် သို့မဟုတ် စီးပွားရေးအရင်းအနှီး

တိုက်ခန်းတစ်ခန်းပိုင်ဆိုင်ရေးသည် မြို့ပြနေ အခြေခံနှင့် သာမန်လူတန်းစားအတွက် အနာဂတ်အိပ်မက် တစ်ခုဟုဆိုရပါမည်။ ထိုသို့အခြေအနေတွင် လူလတ်တန်းစားနှင့် အထက်တန်းစားလူတို့အတွက် ကွန်ဒို တိုက်ခန်းသည် ဇိမ်ခံပစ္စည်းနှင့် စီးပွားရေးအရင်းအနှီးအနေဖြင့် အသုံးချနေကြပါသည်။ ယေဘုယျကောက် ချက် ချရလျှင် ကွန်ဒိုတိုက်ခန်းသည် လူလတ်တန်းစားနှင့်အထက်တန်းစားများ၏ ဈေးကွက် သို့မဟုတ် နီးစပ် သည့် အနာဂတ်အိပ်မက် သို့မဟုတ် စီးပွားရေးအရင်းအနှီးတစ်ခုအဖြစ် ရှိနေပါသည်။ ထို့သို့သော အခြေ အနေကို ထင်ဟပ်လျက် ကွန်ဒိုတိုက်ခန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေ၏ ကွန်ဒိုမီနီယံအဆောက်အအုံ တစ်လုံးအဖြစ် သတ်မှတ်မည့် အနိမ့်ဆုံးသတ်မှတ်ချက်သည်လည်း မြင့်မားနေပေသည်။

 

၅။ ဥပဒေသတ်မှတ်ချက်နှင့် မြေပြင်အခြေအနေ

မြေပြင်ရှိ တိုက်ခန်းအိမ်ရာဈေးကွက်တွင် နှစ်ခန်းတွဲ၊ ရှစ်ထပ် သို့မဟုတ် ဆယ်ထပ်၊ ဓါတ်လှေကားပါသည့် အဆောက်အဦကို မီနီကွန်ဒို၊ ယင်းထက် ကြီးမားသော အဆောက်အဦကို ကွန်ဒိုဟု ခေါ်ဆိုရောင်းချနေလျက် ရှိကြပါသည်။ ယင်း အဆောက်အဦတို့သည် ကွန်ဒိုမီနီယံ သို့မဟုတ် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ အာဏာမသက်ရောက်ခင်တွင် ခေါ်ဆိုသည်ဖြစ်ပါက အငြင်းပွားစရာမရှိသော်လည်း ယင်းဥပဒေ အာဏာ သက်ရောက်ပြီးသည့်နောက်ပိုင်းတွင် ထိုသို့ခေါ်ဆိုလျှင် အငြင်းပွားစရာ ရှိလာပါသည်။ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းပြီးဖြစ်ပါ၍ ယင်းဥပဒေအရ လူနေအိမ်အထပ်မြင့်အဆောက်အဦတစ်ခုကို စုပေါင်းပိုင် အဆောက်အအုံ အဖြစ် မှတ်ပုံတင်ထားခြင်းမရှိလျှင် ကွန်ဒိုမီနီယံ သို့မဟုတ် စုပေါင်းပိုင်အဆောက်အအုံဟု သတ်မှတ်၍ မရ နိုင်ပါ။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံတစ်ခုအဖြစ်သတ်မှတ်သည့် အခြေခံအကျဆုံး သတ်မှတ်ချက်မှာ တည်ဆောက်မည့် မြေဧရိယာသည် ဧရိယာစတုရန်းပေ - ၂၀၀၀၀ (နှစ်သောင်း) အနည်းဆုံးရှိရမည်ဖြစ်ပြီး အနည်းဆုံးခြောက်ထပ်ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် မြေပြင်တွင် ခေါ်ဆိုရောင်းချနေသည့် ကွန်ဒိုမီနီယံများသည် တည်ဆောက်သူက အမည်သပ်သပ်သာ ခေါ်ဆိုထားသည့် အနေအထားတွင်သာရှိပြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသေးသမျှ  စုပေါင်းပိုင်အဆောက်အအုံမဖြစ်သေးပါ။ ထို့နည်းတူစွာ ဥပဒေက ပေးသည့် အထက်ပါ အနှစ်သာရကိုလည်း ဝယ်ယူသူများအနေဖြင့် ခံစားခွင့်ရရှိမည်မဟုတ်ပါ။

 

၆။ တိုက်ခန်းအိမ်ရာနှင့် ဥပဒေပြဿနာ

မြို့ပြရှိ လူနေတိုက်ခန်းများဖြစ်သည့် ဈေးကွက်ခေါ် ကန်ထရိုက်တိုက်ခန်း၊ မီနီကွန်ဒို၊ ကွန်ဒိုမီနီယံတို့နှင့် စပ် လျဉ်း၍ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေပြဿနာရှိသည်ဟု လုပ်ငန်းရှင်များနှင့် ဥပဒေပညာရှင်များက သိမြင်ထား ကြပါသည်။ တိုက်ခန်းအရောင်းအဝယ်ကို ရှေ့နေအလုပ်သင် ဘဝတွင် အလုပ်သင်ဆရာ၏ စာချုပ်များကို လေ့လာခွင့်ရရှိစဉ်က "တိုက်ခန်းအပျောက်အရောင်းအဝယ်စာချုပ်" ဟု လေ့လာဖူးပါသည်။ ဆရာကို မေးကြည့်ရာတွင် ဆရာက တိုက်ခန်းကို လက်ရှိနေထိုင်သူထံမှ အပြီး အပြတ်ဝယ်ယူခြင်းဖြစ်ပြီး မြေငှားခ/ အိမ်ငှားခကို မြေရှင်အားပေးရသည်ဟု ဆရာက ရှင်းပြ၍ သိရပါသည်။ သို့သော် မြေပြင်အခြေအနေနှင့် ဓလေ့ထုံးစံကို နားမလည်သေး၍ ဆရာရှင်းပြသည်ကို လက်တွေ့ကျကျ နားမလည်နေခဲ့ပါ။ အိန္ဒိယစကား "ဆလာမီ"က လာသည်ဟု ဝန်ကြီးဌာနတစ်ခု၏ အဆင့်မြင့်အရာရှိက ပြောပြ၍ သိခဲ့ရပါသည်။ ယနေ့ အချိန်အခါ တိုက်ခန်းနှင့် အဆင့်မြင့်လူနေအိမ်အဆောက်အအုံနယ်ပယ်တွင် လက်တွေ့လုပ်ကိုင်နေမှသာလျှင် တိုက်ခန်းအိမ်ရာ ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ရရှိမှု အားနည်းချက်ရှိသည်ကို သိမြင် လာခြင်းဖြစ်ပါသည်။

 

ဥပဒေပြဿနာကို လိုရင်းတိုရှင်း ဆိုရလျှင် တိုက်ခန်းတစ်ခန်းကို ဝယ်ယူသူသည် ယင်းတိုက်ခန်းနှင့် စပ်လျဉ်း ၍ မြေပိုင်ဆိုင်မှု မြေငှားဂရန်ကဲ့သို့ ပိုင်ဆိုင်မှုအထောက်အထားသက်သေခံချက် (Ownership Title) ကို အစိုးရထံမှ မရရှိနေပါ။ သက်ဆိုင်ရာ အစိုးရဌာနနှင့် ပူးတွဲတည်ဆောက်သည့် အဆောက်အအုံရှိ အခန်း သည် သက်ဆိုင်ရာ အစိုးရဌာနက ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးသော်လည်း ယင်းအခန်းအတွက် အရောင်းအဝယ်ပြုလုပ်သည့် စာချုပ်ကို အရပ်စာချုပ်ဖြင့်သာ ပြုလုပ်ချုပ်ဆိုနေကြပါသည်။ တိုက်ခန်းသည် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဖြစ်သော်လည်း အရောင်းအဝယ်ပြုသည့် စာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ရန် အခက်အခဲရှိနေပါသည်။ တိုက်ခန်းအရောင်းအဝယ်စာချုပ်သည် မှတ်ပုံတင်ရန် အခက်အခဲရှိနေ၍ အရောင်းအဝယ်စာချုပ်များသည် အရပ်စာချုပ်များဖြင့်သာ ချုပ်ဆိုနေကြရပါသည်။ အရပ် စာချုပ်အရ ပစ္စည်းကို လက်ဝယ်ရရှိပိုင်ဆိုင်ခြင်း (Possession) ဖြင့် သာ အားသာချက်ရယူနေရပြီး ပစ္စည်း လွှဲပြောင်းခြင်းဥပဒေအရ ပဋိညာဉ်ကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်သည့်အဆင့် (Part Performance) ဖြင့်သာ အကာအကွယ်ရရှိပါသည်။ ထို့အပြင် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လွှဲပြောင်းရောင်းချရာ၌ အရပ်စာချုပ်ဖြင့် ပြုလုပ်ချုပ်ဆိုရ၍ အဆိုပါ အရပ်စာချုပ်သည် ဥပဒေဆိုရိုးအရ  အခွင့်အရေးကို တောင်း ဆိုခွင့်မရှိဘဲ အခွင့်အရေးကို ကာကွယ်ခွင့် (A shield not a sword) သာ ရှိပါသည်။ ထို့အပြင် တိုက်ခန်းကို အရောင်းအဝယ် ပြုလုပ်ရာတွင် မြေရှင်၏ခွင့်ပြုချက်ရယူနေရသည် ဖြစ်၍ လွတ်လပ်စွာအရောင်းအဝယ်မပြု လုပ်နိုင်ပါ။ ဤအချက်များသည် တိုက်ခန်းနှင့်စပ်လျဉ်းသည့် ဥပဒေပြဿနာပင် ဖြစ်ပါသည်။

 

၇။ ကွန်ဒိုမီနီယံတိုက်ခန်း

ကွန်ဒိုမီနီယံ အဆောက်အအုံတစ်လုံးသည် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင် သည်ဖြစ်စေ၊ မှတ်ပုံမတင်သည်ဖြစ်စေ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဇိမ်ခံပစ္စည်း သို့မဟုတ် စီးပွားရေး အရင်းအနှီးဟု ဆိုခဲ့၍ မူလကတည်းကပင် တန်ဖိုးကြီးမားသော အဆောက်အအုံနှင့် အခန်းဖွဲ့စည်းမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ လူနေမှုအဆင့်အတန်းတစ်ခုကို စိမ့်ဝင်ခံစားနိုင်ရန်အလို့ငှာ ရုပ်ဝတ္ထု ပစ္စည်းကောင်းများ၊ လူမှုရေး၊ ကျန်းမာရေး တို့အတွက် သင့်အပ်လျော်ညီသော ဝန်ဆောင်မှုများဖြင့် တန်ဖိုး မြှင့် (Value Added) ထားသော လူနေအိမ်ရာအဆောက်အအုံတစ်ခုပင်ဖြစ်ပါသည်။ တန်ဖိုးမြှင့်ထားသည့် အဆောက်အအုံဖြစ်သည်နှင့်အညီ ယင်းအဆောက်အအုံရှိ အခန်းများကိုလည်း တန်ဖိုးမြင့်မားစွာ သတ်မှတ်၍ ဈေးကွက်သို့ ရောင်းချနေကြပါသည်။ တန်ဖိုးမြင့်မားနေသည့် အခန်းကို ပြည်သူများက ဝယ်ယူနေထိုင်ခြင်း၊ ဇိမ်ခံ စိမ့်ဝင်ခံစားခြင်း သို့မဟုတ် စီးပွားရေးအရင်းအနှီးအဖြစ် ဆောင်ရွက်နေကြပါသည်။ တန်ဖိုးကြီးမားစွာ တည်ဆောက်ထားသည့် ကွန်ဒိုမီနီယံ ခေါ်  ယင်းအဆောက်အအုံကို စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံမတင်ထားပါက ဝယ်ယူပိုင်ထားသူအနေဖြင့် အထက်တွင်ဖော်ပြထားသည့် ပိုင်ဆိုင်မှု ဆိုင်ရာ ဥပဒေပြဿနာ ရှိနေမည်သာဖြစ်ပါသည်။ တန်ဖိုးကြီးမြင့်စွာ ပေးအပ်၍ ဝယ်ယူထားသော အခန်း တစ်ခန်းကို ဥပဒေနှင့်အညီ ပိုင်ဆိုင်မှုအပြည့်အဝ ရယူချင်သည်မှာ ဝယ်ယူသူ၏ အကြီးမားဆုံး ဆန္ဒဖြစ်နေ မည်မှာ ဧကန်မုချမလွဲပေ။

 

အဖြေရှာခြင်း

 

စုပေါင်းပိုင် အဆောက် အအုံဆိုင်ရာဥပဒေသည် ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေပြဿနာများကို ဖယ်ရှားရှင်းလင်းပေး ထားပါသည်။  စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေတွင် အကျုံးမဝင်နိုင်သည့် တိုက်ခန်းများကို တိုက် ခန်းအိမ်ရာဥပဒေဖြင့် အဆိုပါ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေပြဿနာများကို ဖယ်ရှားရှင်းလင်းရန် ရည်ရွယ်လျက် မူကြမ်းတစ်ရပ်ကို ရေးဆွဲထားလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ မြို့ပြနေလူထုသည် တိုက်ခန်း အိမ်ရာနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေပြဿနာများကို လက်တွေ့ကြုံဆုံသိနေကြသည့်အလျောက် အထက်ပါ ဖော်ပြချက်များကို သိရှိရခြင်းဖြင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ တစ်ရပ်လုံး၏ အနှစ်သာရနှင့် သဘောတရားကို သိမြင်လိုလာသည်ဟု ယုံကြည်မိပါသည်။ မိမိပိုင်ဆိုင်နေသည့် သို့မဟုတ် ပိုင်ဆိုင်လာမည့် တိုက်ခန်းအတွက် မိမိအနေဖြင့် မည်မျှအထိ ဥပဒေအရ ပိုင်ဆိုင်မှုရရှိနိုင်သလဲ ဆိုသည်ကို တွေးမြင်ခံစား မိလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ၏ အနှစ် သာရ နှင့် သဘောတရားကို နောင်ခါ အလျဉ်းသင့်သလို ဆက်လက်ရှင်းလင်း ပြောပြပေးသွားမည်ဖြစ်ပါသည်။

 


Monday, 28 February 2022

နိုင်ငံတကာ စီးပွားရေးလုပ်ငန်း

နိုင်ငံတကာစီးပွားရေးလုပ်ငန်းဆိုသည်မှာ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်ရောင်းချခြင်းနှင့် ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ပေးခြင်းနှင့် ရယူခြင်းတို့ကို ဆိုလိုပါသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို အစိုးရ သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းများက ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ သည် ကုန်ထုတ်လုပ်ရေး၊ သတ္ထုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ်၊ အာမခံ၊ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး အစရှိသည့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်ရန် နယ်စပ်ဖြတ်ကျော်၍ ဆောင်ရွက်ကြပါသည်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းသည် ဆုံးဖြတ် ချက် တစ်ရပ်ရပ်မချမှတ်မီ စီးပွားရေး လုပ်မည့် အခြားနိုင်ငံတစ်ခု၏ လူမှုရေး၊ နိုင်ငံရေး၊ သမိုင်း၊ ယဉ်ကျေးမှု၊ ပထဝီအနေအထား၊ ရုပ်ပိုင်းဆိုင်ရာ၊ ဂေဟပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ကျယ် ကျယ်ပြန့်ပြန့်၊ အချိန်ယူ လေ့လာကြပါသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်း၏ အခြေခံသဘာဝမှာ နိုင်ငံ တကာကုန်သွယ်ရေး၏ မူလအဆုံး အဖြတ်ပြုမှုတစ်ခုပင်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို ရင်းနှီး ဆောင်ရွက်ခြင်း၏ တိုးတက် အောင်မြင်လာသည့် ရလဒ်တစ်ခုမှာ ကမ္ဘာမှုပြုခြင်း[1]ပင်ဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းဆိုသည်မှာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်း အခွင့် အလမ်းများနှင့် အတားအဆီးများအပေါ် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်များနှင့် ကမ္ဘာ့ အရင်းအမြစ်များကို ချဉ်းကပ်စူးစိုက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့် နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းကို ကမ္ဘာအဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ကုန်သွယ်ခြင်း သို့မဟုတ် ကမ္ဘာ့အဆင့် ရင်းနှီးမြှုပ်နှံခြင်းဟု ဖွင့်ဆိုကြပါသည်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်း၏ တွန်းအားများ

၁။ အမြတ်အစွန်းမြင့်မားခြင်း

စီးပွားရေးလုပ်ငန်းများ၏ အခြေခံရည်ရွယ်ချက်သည် အမြတ်အစွန်းရရှိရေးပင်ဖြစ်ပါသည်။ ပြည်တွင်း ဈေးကွက်သည် အမြတ်အစွန်း မြင့်မြင့်မားမားရရှိရန် အာမ မခံနိုင်သည့်အခါစီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်း မြင့်မြင့်မားမားရရှိနိုင်မည့် နယ်ပယ်ရှိသည့် နိုင်ငံခြားဈေးကွက်ကို ရှာဖွေကြပါသည်။ ထို့ကြောင့် အမြတ်အစွန်းရရှိရေး ရည်ရွယ်ချက်သည် စီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားတိုင်းပြည်များတွင် စီးပွားရေးလုပ်ငန်း ချဲ့ထွင်ရန် တွန်းအားပေးကာ စိတ်အားတက်ကြွစေပါသည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်တွင် Apple ၏ နိုင်ငံတကာရောင်းအားသည် ၎င်းဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းထိ ရှိသည်ဟု ဆိုပါသည်။

 ၂။ ပြည်တွင်းဝယ်လိုအားထက် ပိုလွန်၍ ထုတ်ကုန် ချဲ့ထွင်ထုတ်လုပ်နိုင်ခြင်း

ပြည်တွင်းရှိ အချို့ကုမ္ပဏီများသည် ပြည်တွင်းထုတ်ကုန် ဝယ်လိုအားထက် ကျော်လွန်၍ ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်စွမ်းရှိအောင် ချဲ့ထွင်လုပ်ကိုင်ကြပါသည်။ ထိုကုမ္ပဏီများသည် ၎င်းတို့၏ ပိုလွန်သော ထုတ်ကုန်များကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရောင်းချနိုင်ကြပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ တိုယိုတာကုမ္ပဏီသည် ၎င်း၏ထုတ်ကုန်များကို နိုင်ငံခြားတိုင်းပြည်တွင်ပါ ထုတ်လုပ်ခြင်းဖြင့် ပြည်ပ ဝယ်လိုအားကို ဖြည့်ဆည်းနေလျက်ရှိပါသည်။

၃။ ပြည်တွင်းဈေးကွက်သည် အကန့်အသတ်ရှိခြင်း

ပြည်တွင်းဈေးကွက်သည် နိုင်ငံ၏ လူဦးရေ နည်းပါးမှု သို့မဟုတ် ဝယ်ယူသုံးစွဲနိုင်စွမ်း နိမ့်ကျမှုကြောင့် သို့မဟုတ် ယင်းနှစ်ခုလုံးကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာသို့ ချဲ့ထွင် ဆောင်ရွက်ကြပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်၊ လျှပ်စစ်လုပ်ငန်းများသည် ပြည်တွင်း ဈေးကွက် ပမာဏ သေးငယ်သည်ကြောင့် အမေရိကန်၊ ဥရောပနှင့် အာဖရိကထိပင် ချဲ့ထွင်လုပ်ကိုင် ကြပါ သည်။ ထို့အတူ စင်ကာပူနိုင်ငံသည်လည်း ပြည်တွင်းဈေးကွက်အရွယ်အစား သေးငယ်သည်ကြောင့် ၎င်း၏ ထုတ်ကုန်များကို ဒေသတွင်းနိုင်ငံများသို့ ချဲ့ထွင်ရောင်းချကြပါသည်။

၄။ နိုင်ငံရေး တည်ငြိမ်မှုနှင့် မတည်ငြိမ်မှု

နိုင်ငံရေးတည်ငြိမ်မှုဆိုသည်မှာ နိုင်ငံရေးပါတီတစ်ခုတည်းက နိုင်ငံတော်အာဏာကို စဉ်ဆက်မပြတ် ရရှိ တာဝန်ယူဆောင်ရွက်သည်ကို ဆိုလိုခြင်းမဟုတ်ဘဲ အစိုးရ၏ မူဝါဒများ အပြောင်းအလဲမရှိဘဲ ကာလကြာရှည် စဉ်ဆက်မပြတ် တည်ငြိမ်ခြင်းကို ဆိုလိုပါသည်။ ဥပမာ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် စသည့်နိုင်ငံများသည် နိုင်ငံရေးတည်ငြိမ်သည့် နိုင်ငံများဖြစ်ကြပါသည်။ အာဖရိကနိုင်ငံအများစုနှင့် အာရှရှိ နိုင်ငံအချို့သည် နိုင်ငံရေး မတည်ငြိမ်သည့် နိုင်ငံများရှိကြပါသည်။ စီးပွားရေးလုပ်ငန်းများသည် နိုင်ငံရေး တည်ငြိမ်သည့်နိုင်ငံများတွင် ဝင်ရောက်ဆောင်ရွက်လိုကြသည့်အလျောက် နိုင်ငံရေး မတည်ငြိမ် သော နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြခြင်းမှ ရှောင်ကျဉ်လေ့ရှိကြပါသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းများသည် နိုင်ငံရေး မတည်ငြိမ်သောနိုင်ငံများမှ နိုင်ငံရေး တည်ငြိမ်သော နိုင်ငံများသို့ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ရွှေ့ပြောင်းလုပ်ကိုင်ကြပါသည်။

၅။ နည်းပညာနှင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ရရှိနိုင်မှု

အချို့နိုင်ငံများတွင် နည်းပညာနှင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ရရှိနိုင်မှုသည် နိုင်ငံတစ်ခုရှိ စီးပွားရေး လုပ်ငန်းများအတွက် ဆွဲဆောင်သည့်အချက်တစ်ခုအနေဖြင့် ရပ်တည်ပါသည်။ ဤကဲ့သို့သော အားသာချက်ရှိခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင် တတ်ကြပါသည်။ ထို့ကြောင့် လတ်တလောနှစ်များက  အမေရိကန်နှင့် ဥရောပနိုင်ငံများက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ပြင်ပအရင်းအမြစ်ကို ရယူဆောင်ရွက်ကြရာတွင် ဝန်ဆောင်မှုနှင့် ဆော့ဖ်ဝဲ ထုတ်ကုန်များအတွက် အိန္ဒိယကုမ္ပဏီများကို အားထားဆောင်ရွက်ကြပါသည်။ အိန္ဒိယရှိ ပညာရှင် များ၏ စရိတ်စကသည် အမေရိကန်နှင့် ဥရောပနိုင်ငံ အလုပ်သမားဈေးကွက်နှင့်ယှဉ်လျှင် ၁၀ ဆမှ ၁၅ ဆထိ လျော့နည်းနေလျက်ရှိသောကြောင့်လည်း ဖြစ်ပေသည်။

၆။ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်း

ကုမ္ပဏီများသည် ကနဦးအားဖြင့် ၎င်းတို့၏ ဈေးကွက်ရှာဖွေရေး လုပ်ငန်းအတွက်သာလျှင် နိုင်ငံခြား တိုင်းပြည်များသို့ ဝင်ရောက်ကြခြင်းဖြစ်ပါသည်။ အခြေခံအားဖြင့် နိုင်ငံတစ်ခုခု၏ ပြည်တွင်းကုမ္ပဏီသည် ထုတ်ကုန်၏ သယ်ယူပို့ဆောင်စရိတ်နှင့်စပ်လျဉ်းလျှင် နိုင်ငံခြားကုမ္ပဏီထက် အမြတ်ရရှိမှု ပမာဏ မြင့်မား လေ့ ရှိပါသည်။ ယင်းအခြေအနေကြောင့် နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံတစ်ခုခု သို့မဟုတ် ယင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားကို ကျေနပ်စွာ ဆောက်ရွက်နိုင်ရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နည်းလမ်းအရ ကုန်ထုတ်လုပ်မှုစက်ရုံများကို နိုင်ငံခြားတိုင်းပြည်တွင် အခြေချခြင်းဖြင့် အမြတ်ရရှိမှု ပမာဏ ကို တိုးမြှင့်လိုကြပါသည်။ ဥပမာ Mobil ကုမ္ပဏီသည် သယ်ယူပို့ဆောင်စရိတ် လျှော့ချရန်အလို့ငှာ ဆော်ဒီ အာရေဗီးယားတွင် ရေနံသန့်စင်စက်ရုံကို တည်ထောင်၍ ရေနံထုတ်ကုန်များကို အီသီယိုးပီးယား၊ ကင်ညာ၊ ဆူဒန် စသည့်နိုင်ငံများသို့ ဖြန့်ဝေထောက်ပံ့လျက်ရှိပါသည်။

၇။ ကုန်ကြမ်းပစ္စည်းများနှင့် နီးကပ်ခြင်း

ကုန်ကြမ်းပစ္စည်းအရည်အသွေးမြင့်ခြင်းနှင့် ထုနဲ့ထည်နဲ့ရှိခြင်းသည် နိုင်ငံခြားတိုင်းပြည်အသီးသီးမှ ကုမ္ပဏီ များကို ဆွဲဆောင်ရာတွင် အဓိကကျသည့် အချက်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝမြေသံယံဇာတ ပေါများခြင်းကြောင့် နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပါသည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်သည့် နိုင်ငံခြားကုမ္ပဏီများ၊ ကျောက်စိမ်းတူးဖော်သည့် နိုင်ငံခြားကုမ္ပဏီများ သည် ဥပမာတစ်ရပ်ပင်ဖြစ်ပါသည်။

၈။ ဖြေလျှော့ခြင်းနှင့် ကမ္ဘာမှုပြုခြင်း

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးနီးပါးသည် ၎င်းတို့၏ စီးပွားရေးကို ဖြေလျှော့ ဖွင့်လှစ်ပေးထားကြပါသည်။ ထိုသို့မူဝါဒများ ပြောင်းလဲထားခြင်းသည် နိုင်ငံပေါင်းစုံ ကုမ္ပဏီများကို ၎င်းတို့နိုင်ငံတွင် ဝင်ရောက် ချဲ့ထွင် လုပ်ကိုင်ဆောင်ရွက်ရန် ဆွဲဆောင်ခြင်းတစ်ခုပင်ဖြစ်ပါသည်။

၉။ ဈေးကွက်ဝေစု တိုးချဲ့နိုင်ခြင်း

အရွယ်အစားကြီးမားသည့် ကုမ္ပဏီများသည် နိုင်ငံအသီးသီးတွင် လုပ်ငန်းချဲ့ထွင်လည်ပတ်ခြင်းဖြင့် ကမ္ဘာ့ ဈေးကွက်တွင် ဈေးကွက်ဝေစု မြှင့်တင်လိုကြပါသည်။ ကုမ္ပဏီကြီးများက ၎င်းတို့၏ ဈေးကွက်ဝေစုကို မြှင့်တင်ရန် တိုးချဲ့စဉ်တွင် ကုမ္ပဏီငယ်များက ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာကို ချဲ့ထွင် လုပ်ကိုင် ကြရပါသည်။ မြန်မာပြည်တွင် ကိုကာကိုလာသည် ပြည်တွင်းအချိုရည်လုပ်ငန်းတစ်ခုကို ဝယ်ယူ၍ မြန်မာပြည်တွင်း ဈေးကွက်ကို တိုးချဲ့ခဲ့သည့် သဘောပင်ဖြစ်ပါသည်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်း၏ တွန်းအားများကို အနှစ်ချုပ်ကြည့်ခြင်း

စီးပွားရေးလုပ်ငန်းများ၏ "အခြေခံရည်ရွယ်ချက်" သည် အမြတ်အစွန်းရရှိရေးပင်ဖြစ်သည်။ ထိုမျှ မကပါ စီးပွားရေးလုပ်ငန်းတစ်ခု၏ အမြတ်အစွန်းရရှိရေးသည် "အဓိက ရည်ရွယ်ချက်" ဟုဆိုနိုင်ပါသည်။ လုပ်ငန်း တစ်ခု ကြီးပွားတိုးတက်ရေးတွင် ဈေးကွက်ဝေစု ကျယ်ပြန့်ကြီးမားရေးသည် အဓိကဖြစ် ပါသည်။ တွန်းအား အချက် ၁ မှ ၃ အထိနှင့် ၉ အချက်သည် ဈေးကွက်ဝေစု ချဲ့ထွင်ရေးကဏ္ဍတွင် အကျုံးဝင် ပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရာတွင် မဟာဗျူဟာသည် အရေးပါပါသည်။ မဟာဗျူဟာ သည် အခြေခံအားဖြင့် "မူဝါဒ" ပင်ဖြစ်ပါသည်။ တွန်းအားအချက် ၄ နှင့် ၈ တို့သည် "မူဝါဒ" ကို အခြေခံပြီး စီးပွားရေးလုပ်ငန်းအတွက် အားသာချက်ကို လေ့လာ၍ ကြည့်ရှုပါသည်။ ထို့အပြင် စီးပွားရေး လုပ်ငန်း တစ်ခုတွင် အကောင်အထည်ဖော်ဆောင်ရသူများသည် အဓိက ကျသည့်အချက်ပင်ဖြစ်ပါသည်။ အချက် ၅ သည် Player ဟုဆိုသည့် အကောင်အထည်ဖော်ဆောင်ရသူများ၏ အရည်အချင်းကို လေ့လာခြင်း ဖြစ်ပါ သည်။ ကုန်ကြမ်းနှင့် လုပ်ငန်းလည်ပတ်မှုသည် အဆင်ပြေလွယ်ကူခြင်းသည် လုပ်ငန်းတိုးတက်အောင် မြင်ရေးအတွက် အရေးပါသည့်အချက်ဖြစ်၍ အချက် ၆ နှင့် ၇ တို့ကို ထည့်သွင်း လေ့လာကြပါသည်။  ထို့ကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းသည် ဆုံးဖြတ် ချက် တစ်ရပ်ရပ်မချမှတ်မီ စီးပွားရေး လုပ်မည့် အခြားနိုင်ငံတစ်ခု၏ လူမှုရေး၊ နိုင်ငံရေး၊ သမိုင်း၊ ယဉ်ကျေးမှု၊ ပထဝီအနေအထား၊ ရုပ်ပိုင်းဆိုင်ရာ၊ ဂေဟပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ကျယ် ကျယ်ပြန့်ပြန့်၊ အချိန်ယူ လေ့လာကြခြင်းဖြစ်ပါသည်။

ရှမ်းနေအောင်

၁.၃.၂၀၂၂

 

မှီငြမ်းကိုးကား

1] International Business – Laws and Practices,  Study Material – Professional Programme

By The Institute of Company Secretaries of India

2] Introduction, Drivers and Benefits of International Business by Narendra Kumar | Updated: Nov 11, 2017, https://enterslice.com/learning/benefits-international-business/



[1] Globalization

Monday, 31 January 2022

ရည်ရွယ်ချက်

ကော်ပိုရိတ်ရှေ့နေ (မြန်မာ) ကို တည်ထောင်သူ၏ ကော်ပိုရိတ်အတွေ့အကြုံများကို ပြန်လည်မျှဝေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် စီးပွားရေးလုပ်ငန်းဥပဒေပါ တာဝန်နှင့်အခွင့်အရေးများကို အပြန်အလှန် ချိန်ဆ၊ ပေါင်းစပ်ဆောင်ရွက်ရသည့် နည်းလမ်း၊ လုပ်ငန်းစဉ်ကို မျှဝေလိုခြင်းဖြစ်ပါသည်။ 

ရှေ့နေမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအတွက်လည်း စီးပွားရေးလုပ်ငန်းဥပဒေများ၏ အခြေခံသဘောတရားများကို  မျှဝေသွားမည်ဖြစ်ပါသည်။

ရှေ့နေ အမှုသည် အထူးအခွင့်အရေး (Lawyer – Client Privilege)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကြေညာချက်တစ်စောင်ဖြင့် ရှေ့နေများကို လှုပ်ခတ်သွားစေပါသည်။ ယင်းကြေညာ ချက် တစ်စောင်ကို ရှေ့နေတိုင်း ကြားသိပြီးဖြစ်ပါ...