နိုင်ငံတကာစီးပွားရေးလုပ်ငန်းဆိုသည်မှာ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်ရောင်းချခြင်းနှင့် ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ပေးခြင်းနှင့် ရယူခြင်းတို့ကို ဆိုလိုပါသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို အစိုးရ သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းများက ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ သည် ကုန်ထုတ်လုပ်ရေး၊ သတ္ထုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ်၊ အာမခံ၊ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး အစရှိသည့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ကို တိုးချဲ့ဆောင်ရွက်ရန် နယ်စပ်ဖြတ်ကျော်၍ ဆောင်ရွက်ကြပါသည်။
နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းသည် ဆုံးဖြတ် ချက် တစ်ရပ်ရပ်မချမှတ်မီ စီးပွားရေး လုပ်မည့် အခြားနိုင်ငံတစ်ခု၏ လူမှုရေး၊ နိုင်ငံရေး၊ သမိုင်း၊ ယဉ်ကျေးမှု၊ ပထဝီအနေအထား၊ ရုပ်ပိုင်းဆိုင်ရာ၊ ဂေဟပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ကျယ် ကျယ်ပြန့်ပြန့်၊ အချိန်ယူ လေ့လာကြပါသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်း၏ အခြေခံသဘာဝမှာ နိုင်ငံ တကာကုန်သွယ်ရေး၏ မူလအဆုံး အဖြတ်ပြုမှုတစ်ခုပင်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို ရင်းနှီး ဆောင်ရွက်ခြင်း၏ တိုးတက် အောင်မြင်လာသည့် ရလဒ်တစ်ခုမှာ ကမ္ဘာမှုပြုခြင်း[1]ပင်ဖြစ်ပါသည်။
အနှစ်ချုပ်အားဖြင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းဆိုသည်မှာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်း အခွင့် အလမ်းများနှင့် အတားအဆီးများအပေါ် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်များနှင့် ကမ္ဘာ့ အရင်းအမြစ်များကို ချဉ်းကပ်စူးစိုက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့် နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းကို ကမ္ဘာအဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ကုန်သွယ်ခြင်း သို့မဟုတ် ကမ္ဘာ့အဆင့် ရင်းနှီးမြှုပ်နှံခြင်းဟု ဖွင့်ဆိုကြပါသည်။
နိုင်ငံတကာစီးပွားရေးလုပ်ငန်း၏ တွန်းအားများ
၁။ အမြတ်အစွန်းမြင့်မားခြင်း
စီးပွားရေးလုပ်ငန်းများ၏ အခြေခံရည်ရွယ်ချက်သည် အမြတ်အစွန်းရရှိရေးပင်ဖြစ်ပါသည်။ ပြည်တွင်း ဈေးကွက်သည် အမြတ်အစွန်း မြင့်မြင့်မားမားရရှိရန် အာမ မခံနိုင်သည့်အခါစီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်း မြင့်မြင့်မားမားရရှိနိုင်မည့် နယ်ပယ်ရှိသည့် နိုင်ငံခြားဈေးကွက်ကို ရှာဖွေကြပါသည်။ ထို့ကြောင့် အမြတ်အစွန်းရရှိရေး ရည်ရွယ်ချက်သည် စီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားတိုင်းပြည်များတွင် စီးပွားရေးလုပ်ငန်း ချဲ့ထွင်ရန် တွန်းအားပေးကာ စိတ်အားတက်ကြွစေပါသည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်တွင် Apple ၏ နိုင်ငံတကာရောင်းအားသည် ၎င်းဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းထိ ရှိသည်ဟု ဆိုပါသည်။
၂။ ပြည်တွင်းဝယ်လိုအားထက် ပိုလွန်၍ ထုတ်ကုန် ချဲ့ထွင်ထုတ်လုပ်နိုင်ခြင်း
ပြည်တွင်းရှိ အချို့ကုမ္ပဏီများသည် ပြည်တွင်းထုတ်ကုန် ဝယ်လိုအားထက် ကျော်လွန်၍ ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်စွမ်းရှိအောင် ချဲ့ထွင်လုပ်ကိုင်ကြပါသည်။ ထိုကုမ္ပဏီများသည် ၎င်းတို့၏ ပိုလွန်သော ထုတ်ကုန်များကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရောင်းချနိုင်ကြပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ တိုယိုတာကုမ္ပဏီသည် ၎င်း၏ထုတ်ကုန်များကို နိုင်ငံခြားတိုင်းပြည်တွင်ပါ ထုတ်လုပ်ခြင်းဖြင့် ပြည်ပ ဝယ်လိုအားကို ဖြည့်ဆည်းနေလျက်ရှိပါသည်။
၃။ ပြည်တွင်းဈေးကွက်သည် အကန့်အသတ်ရှိခြင်း
ပြည်တွင်းဈေးကွက်သည် နိုင်ငံ၏ လူဦးရေ နည်းပါးမှု သို့မဟုတ် ဝယ်ယူသုံးစွဲနိုင်စွမ်း နိမ့်ကျမှုကြောင့် သို့မဟုတ် ယင်းနှစ်ခုလုံးကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာသို့ ချဲ့ထွင် ဆောင်ရွက်ကြပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်၊ လျှပ်စစ်လုပ်ငန်းများသည် ပြည်တွင်း ဈေးကွက် ပမာဏ သေးငယ်သည်ကြောင့် အမေရိကန်၊ ဥရောပနှင့် အာဖရိကထိပင် ချဲ့ထွင်လုပ်ကိုင် ကြပါ သည်။ ထို့အတူ စင်ကာပူနိုင်ငံသည်လည်း ပြည်တွင်းဈေးကွက်အရွယ်အစား သေးငယ်သည်ကြောင့် ၎င်း၏ ထုတ်ကုန်များကို ဒေသတွင်းနိုင်ငံများသို့ ချဲ့ထွင်ရောင်းချကြပါသည်။
၄။ နိုင်ငံရေး တည်ငြိမ်မှုနှင့် မတည်ငြိမ်မှု
နိုင်ငံရေးတည်ငြိမ်မှုဆိုသည်မှာ နိုင်ငံရေးပါတီတစ်ခုတည်းက နိုင်ငံတော်အာဏာကို စဉ်ဆက်မပြတ် ရရှိ တာဝန်ယူဆောင်ရွက်သည်ကို ဆိုလိုခြင်းမဟုတ်ဘဲ အစိုးရ၏ မူဝါဒများ အပြောင်းအလဲမရှိဘဲ ကာလကြာရှည် စဉ်ဆက်မပြတ် တည်ငြိမ်ခြင်းကို ဆိုလိုပါသည်။ ဥပမာ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် စသည့်နိုင်ငံများသည် နိုင်ငံရေးတည်ငြိမ်သည့် နိုင်ငံများဖြစ်ကြပါသည်။ အာဖရိကနိုင်ငံအများစုနှင့် အာရှရှိ နိုင်ငံအချို့သည် နိုင်ငံရေး မတည်ငြိမ်သည့် နိုင်ငံများရှိကြပါသည်။ စီးပွားရေးလုပ်ငန်းများသည် နိုင်ငံရေး တည်ငြိမ်သည့်နိုင်ငံများတွင် ဝင်ရောက်ဆောင်ရွက်လိုကြသည့်အလျောက် နိုင်ငံရေး မတည်ငြိမ် သော နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြခြင်းမှ ရှောင်ကျဉ်လေ့ရှိကြပါသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းများသည် နိုင်ငံရေး မတည်ငြိမ်သောနိုင်ငံများမှ နိုင်ငံရေး တည်ငြိမ်သော နိုင်ငံများသို့ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ရွှေ့ပြောင်းလုပ်ကိုင်ကြပါသည်။
၅။ နည်းပညာနှင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ရရှိနိုင်မှု
အချို့နိုင်ငံများတွင် နည်းပညာနှင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ရရှိနိုင်မှုသည် နိုင်ငံတစ်ခုရှိ စီးပွားရေး လုပ်ငန်းများအတွက် ဆွဲဆောင်သည့်အချက်တစ်ခုအနေဖြင့် ရပ်တည်ပါသည်။ ဤကဲ့သို့သော အားသာချက်ရှိခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင် တတ်ကြပါသည်။ ထို့ကြောင့် လတ်တလောနှစ်များက အမေရိကန်နှင့် ဥရောပနိုင်ငံများက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ပြင်ပအရင်းအမြစ်ကို ရယူဆောင်ရွက်ကြရာတွင် ဝန်ဆောင်မှုနှင့် ဆော့ဖ်ဝဲ ထုတ်ကုန်များအတွက် အိန္ဒိယကုမ္ပဏီများကို အားထားဆောင်ရွက်ကြပါသည်။ အိန္ဒိယရှိ ပညာရှင် များ၏ စရိတ်စကသည် အမေရိကန်နှင့် ဥရောပနိုင်ငံ အလုပ်သမားဈေးကွက်နှင့်ယှဉ်လျှင် ၁၀ ဆမှ ၁၅ ဆထိ လျော့နည်းနေလျက်ရှိသောကြောင့်လည်း ဖြစ်ပေသည်။
၆။ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်း
ကုမ္ပဏီများသည် ကနဦးအားဖြင့် ၎င်းတို့၏ ဈေးကွက်ရှာဖွေရေး လုပ်ငန်းအတွက်သာလျှင် နိုင်ငံခြား တိုင်းပြည်များသို့ ဝင်ရောက်ကြခြင်းဖြစ်ပါသည်။ အခြေခံအားဖြင့် နိုင်ငံတစ်ခုခု၏ ပြည်တွင်းကုမ္ပဏီသည် ထုတ်ကုန်၏ သယ်ယူပို့ဆောင်စရိတ်နှင့်စပ်လျဉ်းလျှင် နိုင်ငံခြားကုမ္ပဏီထက် အမြတ်ရရှိမှု ပမာဏ မြင့်မား လေ့ ရှိပါသည်။ ယင်းအခြေအနေကြောင့် နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံတစ်ခုခု သို့မဟုတ် ယင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားကို ကျေနပ်စွာ ဆောက်ရွက်နိုင်ရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နည်းလမ်းအရ ကုန်ထုတ်လုပ်မှုစက်ရုံများကို နိုင်ငံခြားတိုင်းပြည်တွင် အခြေချခြင်းဖြင့် အမြတ်ရရှိမှု ပမာဏ ကို တိုးမြှင့်လိုကြပါသည်။ ဥပမာ Mobil ကုမ္ပဏီသည် သယ်ယူပို့ဆောင်စရိတ် လျှော့ချရန်အလို့ငှာ ဆော်ဒီ အာရေဗီးယားတွင် ရေနံသန့်စင်စက်ရုံကို တည်ထောင်၍ ရေနံထုတ်ကုန်များကို အီသီယိုးပီးယား၊ ကင်ညာ၊ ဆူဒန် စသည့်နိုင်ငံများသို့ ဖြန့်ဝေထောက်ပံ့လျက်ရှိပါသည်။
၇။ ကုန်ကြမ်းပစ္စည်းများနှင့် နီးကပ်ခြင်း
ကုန်ကြမ်းပစ္စည်းအရည်အသွေးမြင့်ခြင်းနှင့် ထုနဲ့ထည်နဲ့ရှိခြင်းသည် နိုင်ငံခြားတိုင်းပြည်အသီးသီးမှ ကုမ္ပဏီ များကို ဆွဲဆောင်ရာတွင် အဓိကကျသည့် အချက်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝမြေသံယံဇာတ ပေါများခြင်းကြောင့် နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပါသည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်သည့် နိုင်ငံခြားကုမ္ပဏီများ၊ ကျောက်စိမ်းတူးဖော်သည့် နိုင်ငံခြားကုမ္ပဏီများ သည် ဥပမာတစ်ရပ်ပင်ဖြစ်ပါသည်။
၈။ ဖြေလျှော့ခြင်းနှင့် ကမ္ဘာမှုပြုခြင်း
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးနီးပါးသည် ၎င်းတို့၏ စီးပွားရေးကို ဖြေလျှော့ ဖွင့်လှစ်ပေးထားကြပါသည်။ ထိုသို့မူဝါဒများ ပြောင်းလဲထားခြင်းသည် နိုင်ငံပေါင်းစုံ ကုမ္ပဏီများကို ၎င်းတို့နိုင်ငံတွင် ဝင်ရောက် ချဲ့ထွင် လုပ်ကိုင်ဆောင်ရွက်ရန် ဆွဲဆောင်ခြင်းတစ်ခုပင်ဖြစ်ပါသည်။
၉။ ဈေးကွက်ဝေစု တိုးချဲ့နိုင်ခြင်း
အရွယ်အစားကြီးမားသည့် ကုမ္ပဏီများသည် နိုင်ငံအသီးသီးတွင် လုပ်ငန်းချဲ့ထွင်လည်ပတ်ခြင်းဖြင့် ကမ္ဘာ့ ဈေးကွက်တွင် ဈေးကွက်ဝေစု မြှင့်တင်လိုကြပါသည်။ ကုမ္ပဏီကြီးများက ၎င်းတို့၏ ဈေးကွက်ဝေစုကို မြှင့်တင်ရန် တိုးချဲ့စဉ်တွင် ကုမ္ပဏီငယ်များက ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာကို ချဲ့ထွင် လုပ်ကိုင် ကြရပါသည်။ မြန်မာပြည်တွင် ကိုကာကိုလာသည် ပြည်တွင်းအချိုရည်လုပ်ငန်းတစ်ခုကို ဝယ်ယူ၍ မြန်မာပြည်တွင်း ဈေးကွက်ကို တိုးချဲ့ခဲ့သည့် သဘောပင်ဖြစ်ပါသည်။
နိုင်ငံတကာစီးပွားရေးလုပ်ငန်း၏ တွန်းအားများကို အနှစ်ချုပ်ကြည့်ခြင်း
စီးပွားရေးလုပ်ငန်းများ၏ "အခြေခံရည်ရွယ်ချက်" သည် အမြတ်အစွန်းရရှိရေးပင်ဖြစ်သည်။ ထိုမျှ မကပါ စီးပွားရေးလုပ်ငန်းတစ်ခု၏ အမြတ်အစွန်းရရှိရေးသည် "အဓိက ရည်ရွယ်ချက်" ဟုဆိုနိုင်ပါသည်။ လုပ်ငန်း တစ်ခု ကြီးပွားတိုးတက်ရေးတွင် ဈေးကွက်ဝေစု ကျယ်ပြန့်ကြီးမားရေးသည် အဓိကဖြစ် ပါသည်။ တွန်းအား အချက် ၁ မှ ၃ အထိနှင့် ၉ အချက်သည် ဈေးကွက်ဝေစု ချဲ့ထွင်ရေးကဏ္ဍတွင် အကျုံးဝင် ပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရာတွင် မဟာဗျူဟာသည် အရေးပါပါသည်။ မဟာဗျူဟာ သည် အခြေခံအားဖြင့် "မူဝါဒ" ပင်ဖြစ်ပါသည်။ တွန်းအားအချက် ၄ နှင့် ၈ တို့သည် "မူဝါဒ" ကို အခြေခံပြီး စီးပွားရေးလုပ်ငန်းအတွက် အားသာချက်ကို လေ့လာ၍ ကြည့်ရှုပါသည်။ ထို့အပြင် စီးပွားရေး လုပ်ငန်း တစ်ခုတွင် အကောင်အထည်ဖော်ဆောင်ရသူများသည် အဓိက ကျသည့်အချက်ပင်ဖြစ်ပါသည်။ အချက် ၅ သည် Player ဟုဆိုသည့် အကောင်အထည်ဖော်ဆောင်ရသူများ၏ အရည်အချင်းကို လေ့လာခြင်း ဖြစ်ပါ သည်။ ကုန်ကြမ်းနှင့် လုပ်ငန်းလည်ပတ်မှုသည် အဆင်ပြေလွယ်ကူခြင်းသည် လုပ်ငန်းတိုးတက်အောင် မြင်ရေးအတွက် အရေးပါသည့်အချက်ဖြစ်၍ အချက် ၆ နှင့် ၇ တို့ကို ထည့်သွင်း လေ့လာကြပါသည်။ ထို့ကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းသည် ဆုံးဖြတ် ချက် တစ်ရပ်ရပ်မချမှတ်မီ စီးပွားရေး လုပ်မည့် အခြားနိုင်ငံတစ်ခု၏ လူမှုရေး၊ နိုင်ငံရေး၊ သမိုင်း၊ ယဉ်ကျေးမှု၊ ပထဝီအနေအထား၊ ရုပ်ပိုင်းဆိုင်ရာ၊ ဂေဟပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ကျယ် ကျယ်ပြန့်ပြန့်၊ အချိန်ယူ လေ့လာကြခြင်းဖြစ်ပါသည်။
ရှမ်းနေအောင်
၁.၃.၂၀၂၂
မှီငြမ်းကိုးကား
1] International Business – Laws and Practices, Study Material – Professional Programme
By The Institute of Company Secretaries of India
2] Introduction, Drivers and Benefits of International Business by Narendra Kumar | Updated: Nov 11, 2017, https://enterslice.com/learning/benefits-international-business/
No comments:
Post a Comment